logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မိခင်စိတ်နဲ့ဆိုရင် သံသရာကလွတ်မြောက်ဖို့နီးသွားပြီ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
7/4/2026
မိခင်စိတ်နဲ့ဆိုရင် သံသရာကလွတ်မြောက်ဖို့နီးသွားပြီ

★ ဆင်စီးပြီးတော့ မြင်းရံတယ် မြင်ချင်တယ်ဆိုတာ အကောင်းတကာ့အကောင်းဆုံးမြင်ချင်တာ။ They want to do their best. အဲဒါကို မိခင်စိတ်ခေါ်တာ။ ဒါဖြင့် ဒီနေ့ ဘုန်းဘုန်းက မိခင်ရဲ့ကျေးဇူးမပြောဘဲနဲ့ မိခင်စိတ်အကြောင်းပြောတာ၊ မိခင်စိတ်က အသိအမှတ်ပြုတာလေ။ အမေက သူ့သားကို အသိအမှတ်ပြုတာလေ။ 

★ ကျောင်းသွားလိုက်ပြီ၊ ကျောင်းရောက်သွားပြီ၊ ဒီနေ့ ကျောင်းစတက်ပြီ။ အိမ်ပြန်လာတဲ့အခါကျတော့ ဝလုံးတစ်လုံး ရေးတတ်လာတယ်။ အမေကပျော်နေတာပဲ အဲဒါကို ကြည့်ပြီးတော့ ပျော်နေတာ။ ဝလုံး တစ်ကြောင်း၊ နှစ်ကြောင်း၊ တစ်မျက်နှာ၊ နှစ်မျက်နှာ၊ ဝလုံးတွေပဲရေးတာ။ ပြောမယ်ဆိုရင် အမေက တဦးတည်းသော သူ့ရင်သွေး လုပ်သမျှ သူဂုဏ်ယူတာ။ အသိအမှတ်ပြုတာ။ 

★ ဘုန်းဘုန်းရဲ့ မယ်တော်ကြီးဆိုရင် ကျောင်းမတက်ဖူးဘူး။ စာမဖတ်တတ်ဘူး။ ဒါကြောင့် ဘုန်းဘုန်းသင်တဲ့စာတွေ အောင်တဲ့စာတွေ နေ့ခဲ့တဲ့စာသင်တိုက်တွေ တက်ခဲ့တဲ့တက္ကသိုလ်တွေ academic ရှုထောင့်ကနေပြီးတော့ သူ judge လုပ်နိုင်စွမ်းမရှိဘူး။ မရှိပေမဲ့ သူအနေနဲ့ appreciate လုပ်တဲ့ဟာလေ၊ ဘုန်းဘုန်းတို့ professor ကြီးတွေ appreciate လုပ်တဲ့ဟာနဲ့ အတူတူပဲ။ 

★ ဘုန်းဘုန်း ဆရာတော်ကြီးတစ်ပါး၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးပါ။ စာတတ်ပေတတ် ဆရာတော်ကြီးပါ။ အဲဒီဆရာတော်ကြီးက မင်းရဲ့သားဦးဇင်း ဘယ်လို အနာဂတ်ရှိလဲ၊ ဘယ်လိုသာသနာပြုနိုင်မယ် အဲဒီလိုပြောတဲ့ဟာ၊ အဲဒီဟာကို ဘုန်းဘုန်းမယ်တော်ကြီးက သူ့ဟာသူ ပြန်တွေးပြီးတော့ ဘုန်းဘုန်း လုပ်ခဲ့တဲ့ဟာတွေ သူ နောက်ကြောင်းပြန်လိုက်တာ။

★ အဲဒီမတိုင်ခင်တုန်းက ဘုန်းဘုန်း စာသင်တိုက် တစ်ခုပြီး ဘယ်တစ်ခု၊ တစ်နေရာပြီးတစ်နေရာပြောင်းတာ သူ သိပ်စိတ်မဝင်စားဘူး။ အဲဒီနောက်ပိုင်း သူ စိတ်ဝင်စားတယ်။ သူ စိတ်ဝင်စားတယ်ဆိုတာ သူ ဆုံးခါနီး ဘုန်းဘုန်း ဘယ်လိုလုပ်သိတုန်းဆိုတော့ အိပ်ယာထဲမှာ နေမကောင်းဘဲနဲ့ လဲနေတဲ့အချိန် သူမထနိုင်တဲ့အချိန်ပေ့ါ။ 

★ အမျိုးတွေရော သားသမီးတွေရော သွားမေးကြတယ်။ အမေ ဘာလုပ်ချင်တုံးဆိုတော့ ငါ့သားဦးဇင်း နေခဲ့တဲ့ ကျောင်းငါးကျောင်း ဆွမ်းကပ်ချင်တယ်။ နေခဲ့တဲ့ စာသင်တိုက် ၅တိုက်၊ သူမှတ်မိတာကို ပြောတာ။ ဘုန်းဘုန်းနဲ့ရင်းနှီးတဲ့ တချို့ဒကာတွေ မှတ်မိရင်မှ မှတ်မိမယ်၊ အဲဒီကျောင်း ၅ ကျောင်းကို။ 

★ အမေက အဲဒီကျောင်း ၅ ကျောင်း ဆွမ်းကပ်ချင်တယ်တဲ့။ ဆွမ်းကပ်နေတဲ့အချိန်မှာ အစ်မက သွားပြောတယ်။ အမေ အခုချိန်မှာ ဆွမ်းကပ်နေတယ် အာရုံပြုပါဆိုတော့ သူ လုံးဝ နေမကောင်းဘူး၊ လက် လုံးဝမလှုပ်နိုင်တဲ့ အမေက လက်မြှောက်ပြီးတော့လေ သူ့နဖူးပေါ်မှာတင်တယ်။ တစ်နာရီလောက်ကြာတယ်။ 

★ အမေစိတ်ပြောပါတယ်၊ dedication ကောင်းပုံ တရားစကားနဲ့ပြောရင် သမာဓိကောင်းပုံ ပြောပါတယ်။ အဲဒီကနေ အင်အားတွေပြန်ဖြစ်လာတာ။ ဆုံးခါနီးမှာ သူ Cirrhosis (အသည်းခြောက်ရောဂါ) ဖြစ်ပြီး ဆုံးတာပေါ့။ ဝေဒနာက အရမ်းပြင်းတာ။ 

★ pain killer တွေ အမျိုးမျိုးပေါ့၊ ထိုးဖို့ရော၊ ကပ်ဖို့ရော၊ သောက်ဖို့ရော အမျိုးမျိုး စင်ကာပူကနေရော ဘန်ကောက်ကနေရော အသင့်ပြင်ထားတာ။ သူ တစ်ခါပဲသောက်တယ်။ သောက်ပြီးတော့ အဲဒီဆေးက ဘာဆေးတုံးတဲ့။ အဲဒါ အနာသက်သာစေတဲ့ဆေး။ အဲဒီဆေးသောက်ကတည်းက တရားမှတ်တာ ခေါင်းမကြည်ဘူးတဲ့၊ နောက် မသောက်တော့ဘူး။ 

★ တစ်နေ့ပြီးတစ်နေ့ တိုးတိုးလာတဲ့ ဝေဒနာ၊ အဲဒီဝေဒနာကို သူက မူလမင်းကွန်း ကမ္မဋ္ဌာန်းတိုက်ထဲမှာ သင်ပေးတဲ့ ဝေဒနာမှတ်နည်း သတိပဋ္ဌာန် ဝေဒနာမှတ်နည်းပေါ့၊ အဲဒီနည်းနဲ့ မှတ်သွားတာ။ သမာဓိက ကောင်းတဲ့အခါကျတော့ နာတယ်ဆိုတဲ့ စိတ်ပေါ့၊ နာတယ်ဆိုပြီးတော့ သွားပြီးတော့ ပေးတဲ့ ပညတ်စိတ်၊ သညာစိတ်။

★ အဲဒီသညာစိတ်ကို နောက်တစ်ဖက်က ဝေဒနာ၊ ဒါက ဝေဒနာ၊ ဒါက ဝေဒနာဆိုတဲ့ သတိတရား၊ အဲဒီစိတ်နှစ်စိတ်နော်။ တစ်ခုက နာတယ်ဆိုပြီး ငြီးတဲ့စိတ်၊ နောက်တစ်ခုက ဒီဟာက ဝေဒနာ ဝေဒနာ ဆိုပြီးတော့ မပြတ်အောင် မှတ်တဲ့စိတ်။ အဲဒီမှတ်တဲ့စိတ်က မိခင်စိတ်၊ နာတယ်ဆိုပြီးတော့ ငြီးတဲ့စိတ်က ကလေးစိတ်။

★ အဲဒါကြောင့် ကိုယ် တရားထိုင်တဲ့အခါမှာ ဝေဒနာနဲ့အရာရာတိုင်းတာတယ်လေ။ We measure everything with pain. ဝေဒနာနဲ့တိုင်းတာတဲ့အခါမှာ မိနစ် ၂၀၊ တချို့ဆိုရင် နာရီဝက်၊ တချို့ဆိုရင် ၄၅ မိနစ်၊ တချို့ဆိုရင် တစ်နာရီ၊ တချို့ဆိုရင် တစ်နာရီခွဲ၊ တစ်ချိန်မဟုတ် တစ်ချိန် ဒီခန္ဓာကိုယ် သူ ဖောက်ပြန်တာ ကိုယ်မြင်ရတာပေါ့။ 

★ ခန္ဓာကိုယ်က ရုပ်ခန္ဓာကိုယ်က ဖောက်ပြန်တဲ့အခါမှာ စိတ်က သွားပြီးတော့ တုံ့ပြန်တယ် reaction လုပ်တယ်။ ရုပ်က အကြောင်းပေါ့၊ ဖောက်ပြန်တဲ့ရုပ်က အကြောင်း။ သွားပြီးတော့ တုံ့ပြန်တဲ့စိတ်က နာမ်တရားက အကျိုးပေါ့။ အဲဒီနေရာမှာ သွားပြီးတော့ တုံ့ပြန်တဲ့စိတ်က ကလေးစိတ်ပဲရှိသေးတယ်ဆိုရင် ငြီးငြူတဲ့စိတ် ဖြစ်သွားမယ်။ 

★ ဒီဟာကြီးက နာလိုက်တာဆိုပြီး တရားထိုင်တာ ရပ်လိုက်တယ်။ ဆက်မလုပ်တော့ဘူး။ စိတ်ဓါတ်က ကျပဲကျသွားတယ်။ အဲဒီလို မဟုတ်ဘဲနဲ့ အဲဒီအချိန်မှာ မိခင်စိတ်ဆိုတဲ့ သတိပဋ္ဌာန်စိတ် ဝင်လာရင် ဒါ ဝေဒနာ။ ဒီဟာက ငြီးငြူနေတဲ့စိတ်၊ ဝေဒနာကို မကြိုက်တဲ့စိတ်။ ဒီဟာက ဝေဒနာကို ပျောက်စေချင်တဲ့စိတ်၊ ဒီဟာ ဝေဒနာ ပျောက်ချင်တာ မပျောက်လို့ disappointed စိတ်ပျက်တဲ့စိတ်။ 

★ ဒီဟာတွေအားလုံး reaction တွေ၊ reaction တွေ၊ အဲဒီလိုမြင်တယ်ဆိုရင်တော့ ကလေးနဲ့မိခင်နဲ့ အတူတူရှိနေတယ်။ ကလေးနဲ့မိခင်နဲ့ အတူတူရှိရင်လေ ရုရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခု၊ အဲဒီမှာ လူ ၃၀၀ ကျော်လောက်ကို သေနတ်သမားတွေက kidnap လုပ်တယ်၊ မူလတန်းကျောင်းတစ်ကျောင်းထဲမှာထားတာ။ ရက်တွေအကြာကြီးပဲ။

★ သောက်စရာရေလည်း မရှိဘူး၊ စားစရာလည်း မရှိဘူး။ အဲဒီမှာ ကလေးတွေလည်း အများကြီးပါတယ်။ သူတို့ ‌ရေတဲ့ဟာ ဘုန်းဘုန်း ပြန်ဖတ်ကြည့်တာလေ ကလေးတွေက မကြောက်ဘူးတဲ့။ ဘာလို့တုံးဆိုတော့ သူတို့အနားမှာ အမေရှိလို့။ အမေတွေကတော့ ကြောက်တာပေါ့၊ သေနတ်သမားတွေ။ စားစရာလည်းမရှိဘူး။ 

★ ကလေးကတော့ အဲဒီမှာ‌ဆော့လိုက် ပြီးရင် အိပ်လိုက်၊ ပြီးရင် အမေ့နားမှာ ဆိုတော့ အမေရှိရင်လေ သူ့စိတ်ထဲမှာ secure ဖြစ်တယ်။ ဒီတိုင်းပါပဲ ဘုန်းဘုန်းတို့ ဝေဒနာဘယ်လောက်ပဲ ပြင်းနေပြင်းနေ အဲဒီအချိန်မှာ အမေဆိုတဲ့ mindfulness သတိစိတ်၊ အမေဆိုတဲ့ ကရုဏာ၊ အမေဆိုတဲ့ မေတ္တာစိတ်၊ အဲဒီစိတ်တွေ ရှိတယ်ဆိုရင် ဒီဟာကြီး ခံနိုင်တယ်၊ trauma ဖြစ်မသွားဘူး။ မဟုတ်ဘူးဆိုရင်တော့ trauma ဖြစ်တယ်။ မိခင်စိတ် အရေးကြီးပုံပြောပါတယ်။ 

★ လူတိုင်းလူတိုင်း ကိုယ့်ရဲ့ နှလုံးသားထဲမှာ ကလေးစိတ်လည်းရှိတယ်၊ မိခင်စိတ်လည်းရှိတယ်။ အဲဒီမိခင်စိတ်ကို အားပေးရတာ။ အဲဒီမိခင်စိတ်ကို ပွားများပေးရတာ၊ cultivate လုပ်ပေးရတာ။ အဲဒီလို လုပ်ပုံလုပ်နည်းကိုပဲ ဗုဒ္ဓတရားက တခါတခါ ဗြဟ္မာစိုရ်လို့ ခေါ်လိုက်၊ တခါတခါကျတော့ သတိပဋ္ဌာန်လို့ခေါ်လိုက် နာမည်ပေးတာပေါ့။ ဒါပေမဲ့ ချုံးလိုက်ရင်တော့ မိခင်စိတ်ပဲ။ 

★ အဲဒီမိခင်စိတ်က သူ့ကိုယ်သူ ပြန်ပြီး မြင်တယ်ဆိုရင်တော့ သူ့ကိုယ်သူပြန်ပြီး စောင့်ရှောက်တတ်တဲ့မိခင်၊ အဲဒါဆိုရင် တကယ်သတိတရားထဲ ဝင်သွားပြီ။ ဒါကတော့ ဝိပဿနာ ကျင့်ကြံဖူးတဲ့ ပုဂ္ဂိုလ်အနေနဲ့။

★ မိုးကုတ်ဆရာတော်ကြီးရဲ့ သွန်သင်ဆုံးမချက်အနေနဲ့ဆိုရင်တော့ ရှေ့စိတ်ကို နောက်စိတ်က မြင်တဲ့အချိန်ပေါ့။ ပထမဆုံးတော့ ရှေ့စိတ်က ကလေးစိတ်ဖြစ်နေတာ။ နောက်စိတ်က မိခင်စိတ်။ 

★ ဒါပေမဲ့ အဲဒီမိခင်စိတ်က ဖြစ်တာ များတဲ့အခါကျတော့ မိခင်စိတ် မိခင်စိတ်တွေပဲ ဆက်စပ်ပြီးတော့ ဖြစ်သွားတဲ့အခါကျတော့ ရှေ့စိတ်လည်း မိခင်စိတ်၊ နောက်စိတ်လည်း မိခင်စိတ်၊ အဲဒီလို ဖြစ်သွားရင်တော့ သံသရာကနေ လွတ်မြောက်ဖို့ နီးသွားပြီ၊ မိခင်စိတ်နဲ့နော်။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၁.၁.၂၀၂၆) ဇဗ္ဗူသီရိဗိမာန်တွင် ဟောကြားတော်မူခဲ့သော အမေ့စိတ်တရားတော်မှ စာစီပူဇော်ပါသည်။ 

#တရားနာယူရန်

https://youtu.be/WXkpfwh6rt0?si=JyOdFqTeMCJT_oMf