logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မိခင်စိတ်ထဲမှာ သီလတွေအကုန်ရှိတယ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
7/5/2026
မိခင်စိတ်ထဲမှာ သီလတွေအကုန်ရှိတယ်

★ မိခင်စိတ်က သူ့ကိုယ်သူ ပြန်ပြီး မြင်တယ်ဆိုရင်တော့ သူ့ကိုယ်သူပြန်ပြီး စောင့်ရှောက်တတ်တဲ့မိခင်၊ အဲဒါဆိုရင် တကယ်သတိတရားထဲ ဝင်သွားပြီ။ ဒါကတော့ ဝိပဿနာ ကျင့်ကြံဖူးတဲ့ ပုဂ္ဂိုလ်အနေနဲ့။

★ မိုးကုတ်ဆရာတော်ကြီးရဲ့ သွန်သင်ဆုံးမချက်အနေနဲ့ဆိုရင်တော့ ရှေ့စိတ်ကို နောက်စိတ်က မြင်တဲ့အချိန်ပေါ့။ ပထမဆုံးတော့ ရှေ့စိတ်က ကလေးစိတ်ဖြစ်နေတာ။ နောက်စိတ်က မိခင်စိတ်။ 

★ ဒါပေမဲ့ အဲဒီမိခင်စိတ်က ဖြစ်တာ များတဲ့အခါကျတော့ မိခင်စိတ် မိခင်စိတ်တွေပဲ ဆက်စပ်ပြီးတော့ ဖြစ်သွားတဲ့အခါကျတော့ ရှေ့စိတ်လည်း မိခင်စိတ်၊ နောက်စိတ်လည်း မိခင်စိတ်၊ အဲဒီလို ဖြစ်သွားရင်တော့ သံသရာကနေ လွတ်မြောက်ဖို့ နီးသွားပြီ၊ မိခင်စိတ်နဲ့နော်။

★ ဘာဖြစ်လို့တုံးဆိုတော့ မေတ္တသုတ်ထဲမှာ ‘ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ သီလဝါဒဿနေန သမ္ပန္နော’ အဲဒီနေရာမှာ သမထကနေပြီးတော့ ဝိပဿနာကူးတဲ့နေရာလေးရှိတယ်။ 

★ အဲဒီဟာကို စာစကား ပေစကားနဲ့ မပြောဘဲနဲ့၊ ခုနတုန်းက အသုံးပြုတဲ့ အင်္ဂလိပ်စကား တစ်လုံးနဲ့ ပြန်ပြောမယ်ဆိုရင်တော့ ဖြစ်နေတဲ့စိတ်က ငြီးငြူးတဲ့စိတ်ပဲဖြစ်ဖြစ်၊ ကြိုက်တဲ့စိတ်၊ မကြိုက်တဲ့စိတ်၊ ချစ်တဲ့စိတ်၊ မုန်းတဲ့စိတ်၊ ကျေနပ်တဲ့စိတ်၊ မကျေနပ်တဲ့စိတ် အဲဒီစိတ်အားလုံးကို data အနေနဲ့ကြည့်ပြီးတော့ identity အနေနဲ့ မကြည့်ဘူးဆိုရင် ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ - သက္ကာယဒိဋ္ဌိနောက်ကို မလိုက်တော့ဘူး။ 

★ သက္ကာယဒိဋ္ဌိက ကိုယ့်ရဲ့ရှေ့မှာ အကောင်အထည်ကြီးနဲ့ မြင်ပြီးတော့ ဒီလိုထွက်ပြေးရတာ မဟုတ်ဘူး။ စိတ်ထဲမှာဖြစ်တဲ့ habit တစ်ခုကို ပြောတာ၊ mental habit, psychological habit. စိတ်အကျင့်တစ်ခုကို ပြောတာ။ ဒါဖြင့် ကိုယ်မေးရမှာက ဒီအတွေ့အကြုံကို identity အနေနဲ့ ယူနေပြီလား၊ ဒါမှမဟုတ် data အနေနဲ့ မြင်ပြီလား။ အဲဒါလေးပဲ မေးဖို့။ 

★ identity ကို အတ္တလို့ခေါ်တာ။ နေရာတိုင်းမျာ ငါ ချည်းပဲ။ ငါ ဒီဟာသောက်တယ်။ ငါ ဒီဟာကြိုက်တယ်။ ငါ ဒီဟာ မကြိုက်ဘူး။ ကြိုက်တာလည်း ငါပဲ၊ မကြိုက်တာလည်း ငါပဲ။ အကုန်လုံး identity တွေဖြစ်ကုန်တယ်။ အဲဒီ identity ရှိတဲ့အခါကျမှ identity ပုံစံမျိုးနဲ့ကြည့်တဲ့အခါကျမှ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်တယ်။

★ သွေးသားတော်စပ်တဲ့မိခင်နဲ့ သားသမီးတွေလည်းပဲ၊ အပြင်မှာ ဖြစ်တယ်။ ဘာဖြစ်လို့တုန်း အဲဒီအချိန်မှာ သွေးသားအနေနဲ့ကတော့ ဒါက အမေ၊ ဒါက သားသမီး၊ ဒါပေမဲ့ စိတ်အနေနဲ့ကြည့်မယ်ဆိုရင်တော့ နှစ်ယောက်စလုံး ကလေးစိတ်ပဲ။ နှစ်ယောက်စလုံး subconscious mind ပဲ၊ သတိကင်းတဲ့စိတ်ပေါ့၊ mindfulness မရှိတဲ့စိတ်။ 

★ အပြင်ကနေကြည့်ရင်တော့ မှတ်ပုံတင်ထဲမှာကြည့်ရင်တော့ ဒါကမိဘ၊ ဒါက သားသမီးပေါ့။ မိဘဖြစ်တဲ့ပုဂ္ဂိုလ်ကလည်းပဲ မိခင်စိတ် အားနည်းသွားတဲ့အချိန် မိခင်စိတ်အား အပိုစိတ်တွေ လွှမ်းမိုးသွားတဲ့အချိန်မှာ အဲဒီအချိန်မှာဆိုရင် ကိုယ့်သားသမီးကိုလည်း ကလေးတစ်ယောက်လိုပဲ ပြန်ပြောမယ်။ 

★ identity ရှုထောင်ကနေပြီးတော့ ငါ့ မလေးစားရကောင်းလားဆိုပြီးတော့ ငါ လုပ်လိုက်ရင်လေ ဘာဖြစ်သွားတုံး၊ ကလေးပဲ ဖြစ်သွားတာ။ ဒါကြောင့် မြတ်စွာဘုရား သက္ကာယဒိဋ္ဌိ မြင်အောင်ကြည့်ပါဆိုတာ သက္ကာယဒိဋ္ဌိ ပယ်တာလေ။ သူက ဒေါသမပယ်ရသေးဘူး၊ လောဘမပယ်ရသေးဘူး၊ မောဟ၊ မာန မပယ်ရသေးဘူး။ အဲဒီဟာတွေက ဒီလောက်ထိ အရေးမကြီးဘူး။ လုံးဝအရေးကြီးတာတော့ မဟုတ်ဘူး၊ secondary.

★ လုံးဝအရေးကြီးတာတော့ သက္ကာယဒိဋ္ဌိ နေရာတိုင်းမှာ identity အနေနဲ့မြင်တာ။ အဲဒါကြောင့်မို့လို့ တဦးသော ရင်သွေးရှိတဲ့မိခင်က identity မဖြစ်အောင် သူ ဘာလုပ်မှာတုန်းဆိုတော့ လူတိုင်းလူတိုင်းကို သူ့ရဲ့ သားသမီးလို မြင်ရမယ်။ ဒါဖြင့် ကိုယ့်ရဲ့ကလေးက စာများလို့ Pressure ဖြစ်တယ်ဆိုရင် တခြားကလေးတွေကို သတိရလိုက်ပါ။

★ သြော် ကျောင်းသွားနေတဲ့ကလေးတွေ ဒီကလေးတွေကို ကိုယ်မသိပါဘူး၊ လူချင်းမသိဘူး၊ နာမည်လည်းမသိဘူး။ ဘယ်သူ့ သားသမီးဆိုတာလည်း မသိဘူး။ အဲဒီစိတ်ဖြစ်မိတော့ empathy ခေါ်တာလေ၊ ကိုယ်ချင်းစိတ်ခေါ်တာ။ အဲဒီကိုယ်ချင်းစာစိတ်က အမေစိတ်ပဲ။ သီလအားလုံးက အဲဒီ empathy - ကိုယ်ချင်းစာစိတ် ကို အခြေခံထားတယ်။ 

★ ဒါဖြင့် အမေစိတ်ထဲမှာ ဘာတွေ့တုန်း။ သီလတွေ့တယ်။ သီလတွေအကုန် အဲဒီထဲမှာရှိတယ်။ စောစောပိုင်းကတော့ သမာဓိပေါ့၊ သမာဓိတင် မကဘူး ဘာဝနာ။ သမာဓိနဲ့ပညာအထိ၊ အဲဒီထဲမှာ မေတ္တာစိတ်ရှိတယ်ဆိုတာ ဘုန်းဘုန်း ပြောပြမယ်။ ချဲ့မယ်ဆိုရင်တော့ အများကြီးချဲ့စရာရှိတာပေါ့။ 

★ ဒါပေမဲ့ ဒီနေ့တော့ အသိအမှတ်ပြုတဲ့အနေနဲ့၊ နှစ်ခု အသိအမှတ်ပြုခိုင်းမယ်။ ပထမဆုံးတော့ ကိုယ့်ဘဝမှာ ကိုယ်ကြိုးစားခဲ့တဲ့အရာ သုံးခု၊ ပြန်တွေးမယ်။ ဘာကြိုးစားတုံး၊ ဘာစာမေးပွဲအောင်ခဲ့တယ်။ ဘယ်လိုကြိုးစားလို့ ဘယ်လိုလုပ်ငန်းတွေ အဆင်ပြေခဲ့တယ်။ ဘယ်လိုကြိုးစားလို့ အလုပ်တွေတတ်ခဲ့တယ်။ အဲဒါမျိုးတွေပေါ့။ ဒါမှမဟုတ်ရင် ဘယ်သူ့အတွက် ဘာလုပ်ပေးတယ်။ အဲဒါမျိုးတွေ သုံးခုလောက် စဥ်းစားပေးပါ။

★ စဥ်းစားပြီးပြီဆိုရင် နောက်ထပ်သုံးခုကတော့ ဒကာမကြီး ‌ဒေါ်ခင်စန်းမြင့်ကို အသိအမှတ်ပြုပါ၊ ကိုယ်သိတဲ့ပုံစံမျိုးပေါ့။ ဘုန်းဘုန်းလည်းပဲ တရားထိုင်မယ်။ တရားထိုင်တဲ့အခါမှာ ပထမဆုံး ဘုန်းဘုန်းနှင့်အတူ ကြိုးစားပြီးတော့ သာသနာပြုခဲ့တဲ့ဟာ သုံးခု ဘုန်းဘုန်း တွေးပြီးတော့ မုဒိတာလုပ်မယ်။ ပြီးရင် ဒကာမကြီး အန်တီစန်း သူ သာသနာပြုခဲ့တဲ့ဟာတွေ။ ဘုန်းဘုန်းသိသလောက်‌ပေါ့၊ သူနဲ့စတင်သိလာတဲ့အချိန်ကနေ ဘုန်းဘုန်း အဲဒါပြန်တွေးမယ်။ 

★ ကဲ မုဒိတာတရားထိုင်ကြရအောင်။ ၅မိနစ်လောက် တရားထိုင်မယ်။ တပ္ပလင်ခွေထိုင်ပါ။ ဒကာကြီး ဦးသန်းအေးအနေနဲ့ သင်္ဘောပေါ်မှာ အင်ဂျင်နီယာချုပ်ဖြစ်သည်အထိ နှစ်ပေါင်းများစွာကြိုးစားခဲ့တဲ့ဟာ အဲဒါ ပြန်တွေးပါ၊ မုဒိတာလုပ်ပါ။ သင်္ဘောပြန်မြင်၊ စက်ကြီးတွေပြန်မြင်၊ ကိုယ်အလုပ်လုပ်တာပြန်မြင်၊ သင်္ဘောတစ်စီးပြီးတစ်စီး။

★ ဒကာကြီးဦးစိုးအောင်လည်း ဒိအတိုင်းပဲ၊ အကြီးဆုံးမောင်အနေနဲ့ ကိုယ်ဖြတ်သန်းခဲ့တဲ့ အခန်းကဏ္ဍ ပြန်မြင်ပါ။ တခြားညီအစ်ကို မောင်နှမတွေ ဒီနေရာမှာ ရှိတာပဲဖြစ်ဖြစ်၊ မရှိတာပဲနဲ့ ဒီတရားကို နောက်ပိုင်းမှာ ပြန်နာတာပဲဖြစ်ဖြစ်၊ အကုန်လုံးကြိုးစားကြတာ။ သမီးနှစ်ယောက်ရော၊ မြေးတွေရော၊ တူတွေတူမတွေရော၊ အင်္ဂလန်မှာရှိနေတဲ့ အငယ်ဆုံးညီမ‌ကော၊ ပထမဆုံး ကိုယ်ကိုယ်တိုင် ကြိုးစားခဲ့တဲ့ အရာသုံးခု သတိရပါ။

★ ပြီးရင် အစ်မကြီးဆိုပြီး အကုန်လုံး မိသားစုအားလုံးက ဝိုင်းသိနေတဲ့ ဒကာမကြီး ဒေါ်ခင်စန်းမြင့် ကြိုးစားမှု သုံးခုကို သတိရပေးပါ။ 

★ အခု တခြားလူတွေရဲ့အခန်းကဏ္ဍ၊ စိုက်ပျိုးသူတွေရဲ့ အခန်းကဏ္ဍ၊ စာကျင်တဲ့သူတွေ အခန်းကဏ္ဍ၊ သယ်ယူပို့‌ဆောင်ပေးတဲ့သူတွေရဲ့ အခန်းကဏ္ဍ၊ လျှပ်စစ်မီး၊ ရေ၊ သူတို့ရဲ့အခန်းကဏ္ဍတွေ ပေါ့ပေါ့တန်တန် မထားဘဲနဲ့ အသိအမှတ်ပြုပေးပါ။ ပေါ့ပေါ့တန်တန်ထားရင်တော့ ဘဝက ပေါ့ပေါတန်တန်ဖြစ်သွားမယ်။ 

★ ဘာပဲရရ ကိုယ်ဘယ်လောက်ထိပဲ စီးပွားရေးမှာ အောင်မြင်အောင်မြင်၊ ပိုက်ဆံဘယ်လောက်ပြ များလားများလာ စိတ်ထဲမှာ တန်ဖိုးရှိတယ် မခံစားရဘူး။ satisfaction မရဘူး။ လေးနက်တဲ့ကျေနပ်မှုမရဘူး။ ဘာဖြစ်လို့တုံးဆိုတော့ ရှိတဲ့အရာတွေကို ကိုယ်က လေးလေးနက်နက် မမြင်လို့။ 

★ ဒါကြောင့် ဟင်းတစ်မည်ထဲမှာ ရှိတဲ့ ပစ္စည်းတွေ အဲဒီထဲမှာ ပါဝင်တဲ့ မေတ္တာလက်တွေ ကိုယ်မြင်အောင်ကြည့်ပြီးတော့ အသိအမှတ်ပြုမယ်ဆိုရင် ဘဝရဲ့တန်ဖိုး အဆပေါင်းများစွာ တက်သွားမယ်နော်။ အဲဒီလို အသိအမှတ်ပြုတာ မိခင်စိတ်ပါ။ ဒီမှာကတော့ မုဒိတာလို့ ခေါ်တာပေါ့။ မိခင်စိတ်။ 

★ ကိုယ်ဝတ်တဲ့အဝတ်အစား ထုတ်လုပ်တဲ့သူတွေ၊ ကုန်ကြမ်းလုပ်တဲ့သူတွေ၊ ကုန်ချော ထုတ်လုပ်တဲ့လူတွေ၊ ဒီဇိုင်းလုပ်တဲ့လူတွေ။ လူတိုင်းဝယ်နိုင်အောင်ဆိုပြီး များများထုတ်နိုင်အောင် စက်တီထွင်တဲ့လူတွေ၊ များများထုတ်တဲ့အခါကျတော့ စျေးချိုတယ်။ လက်နဲ့လုပ်တယ် နည်းနည်းပဲ ထုတ်နိုင်တယ်ဆိုရင် စျေးကြီးတယ်။ 

★ အဲဒီလို အသိအမှတ်ပြုတာ၊ အခု ဇဗ္ဗူသိရီဗိမာန်မှာ တရားနာနေတယ်၊ ဒီဓမ္မာရုံကြီးဖြစ်မြောက်အောင် ပါဝင်တဲ့လူတွေအားလုံး၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ၊ စီမံရေးပိုင်းဆိုင်ရာ၊ သန့်ရှင်းရေးပိုင်းဆိုင်ရာ၊ maintenance, management အကုန်လုံး အသိအမှတ်ပြုလိုက်ရင် သူတို့တွေကို သတိရရင် ဒီဟောကြီးထဲမှာ ထိုင်ရတာ စိတ်က ပီတိတွေနဲ့ ပြည့်နေတာ။

★ အခုတခါ ဒကာမကြီးဒေါ်ခင်စန်းမြင့် အကြောင်းတွေးပေးပါ။ သူ့ဘဝမှာ သူကြိုးစားသွားတာ။ တချို့ကတော့ announcer အနေနဲ့တွေ့တယ်၊ တနေ့တနေ့ announcer အလုပ်လုပ်မယ်ဆိုရင် သူ ပြုပြင်ရတဲ့ ပြင်ဆင်ရတဲ့ဟာ၊ တဖက်က အလှပြင်တာရော၊ တဖက်က လေးကျင့်ရတာရော၊ အဲဒါတွေ တနိုင်ငံလုံးက အသိအမှတ်ပြုခံရတဲ့ announcer တစ်ယောက်အနေနဲ့ 

★ သူ့ရဲ့အခန်းကဏ္ဍတွေ အများကြီးပေ့ါ။ သမီးကြီးဆိုတဲ့ အခန်းကဏ္ဍ၊ အစ်မကြီးဆိုတဲ့ အခန်းကဏ္ဍ၊ ဇနီးဆိုတဲ့အခန်းကဏ္ဍ၊ မိခင်ဆိုတဲ့ အခန်းကဏ္ဍ၊ နောက်ဆုံးးကျတော့ အဘွားဆိုတဲ့အခန်းကဏ္ဍ၊ သူငယ်ချင်းဆိုတဲ့ အခန်းကဏ္ဍ၊ announcer ဆိုတဲ့ အခန်းကဏ္ဍ၊ သူ့မှာ roll တွေ အများကြီးရထားတယ်။ သူ့ဘဝမှာ ရှုထောင့်တွေ အများကြီးရှိတယ်။ ဘယ်သူနဲ့ ဆိုရင် သူ့ရဲ့ roll က ဘယ်လို။ အဲဒီလို။

★ ဘုန်းဘုန်းတို့အနေနဲ့မြင်တာတော့ ဒကာမကြီးအန်တီစန်းက ပြည်တွင်းပြည်ပ သာသနာပြုပုဂ္ဂိုလ်တစ်ဦးပဲ။ အင်္ဂလန်ရောက်သွားတော့ အဲဒီမှာလည်း ကိုယ်တွင်းကိုယ်ပ သာသနာပြုတယ်၊ ကိုဘ်တိုင်လည်း တရားထိုင်တယ်။ လူငယ်တွေ တရားထိုင်အောင်လည်းပဲ စည်းရုံးတယ်။ ဝေယျာဝစ္စလုပ်တယ်၊ လှူတယ်တန်းတယ်။ အဲဒါပြည်ပမှာ သာသနာပြုတာ။

★ ပြည်တွင်းသာသနာပြုတာတော့ ပြောစရာမလိုဘူး။ ပြည်တွင်းမှာ အနေများတာကိုး။ တစ်ခုခု ကောင်းတဲ့သတင်းရှိမယ်၊ ဒါပေမဲ့ စားစရာကောင်းကောင်းလေး အရသာရှိတဲ့အစားအစာ၊ မဟုတ်ရင်လည်းပဲ ကောင်းတဲ့တရား‌လေးတွေ နာရတယ်ဆိုရင် သူငယ်ချင်းတွေကို သတိရ။ 

★ မျက်လုံးဖွင့်လို့ရပါပြီ။ တရားထိုင်တာ ပြီးပါပြီ။

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၁.၁.၂၀၂၆) ဇဗ္ဗူသီရိဗိမာန်တွင် ဟောကြားတော်မူခ‌ဲ့သော အမေ့စိတ်တရားတော်မှ စာစီပူဇော်ပါသည်။ 

#တရားနာယူရန်

https://youtu.be/WXkpfwh6rt0?si=JyOdFqTeMCJT_oMf