logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မိခင်စိတ်ဆိုတာ အကောင်းဆုံးပေးနိုင်အောင်ကြိုးစားတာ

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
7/1/2026
မိခင်စိတ်ဆိုတာ အကောင်းဆုံးပေးနိုင်အောင်ကြိုးစားတာ

★ စောစောပိုင်းကပေးတဲ့ဥပမာ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေမှာ အရှေ့တောင်အာရှ လူမျိုးတွေမှာ ဟင်းတွေများတယ်။ ဟင်းတစ်မယ်ကို ကြည့်ပြီးတော့ ကိုယ် မုဒိတာပွားနိုင်ရင်၊ ဟင်းသီးဟင်းရွက်ဆို ကိုယ်စိုက်တာလည်း မဟုတ်ဘူး။ 

★ သူများတွေကနေစိုက်ပြီးတော့ ကိုယ် သွားဝယ်လာတာ။ စိုက်တဲ့လူတွေကို သတိရတယ်။ ခြံကြီးတစ်ခုလုံး စိုက်တဲ့လူတွေ။ ဟင်းသီးဟင်းရွက် တမျိုးတည်းနဲ့ မကျေနပ်ချင်ဘူး။ နှစ်မျိုး သုံးမျိုးထည့်၊ ခြံ ဘယ်နှစ်ခဲ့ဖြစ်။ နှစ်ခြံ သုံးခြံဖြစ်သွားတယ်။ အဲဒါနဲ့ ပြီးရောလား ဆားပါတယ်။ ဆားထုတ်လုပ်တဲ့လူတွေ အခန်းကဏ္ဍပါတယ်။ 

★ နောက် ဘယ်သူ ပါသေးတုံး။ ‌ရေ၊ အဲဒီထဲမှာ ရေထည့်တယ်။ ရန်ကုန်မြို့ဆို အဝီစိတွင်းတွေ အများကြီးပဲ။ အင်္ဂလန်မှာ အဝီစိတွင်းတွေ သိပ်မတွေ့ဘူး။ သူ့မြို့နယ်၊ သူ့ county သုံးဖို့အတွက် သူတို့က ရေကန်လုပ်ထားတယ်၊ မိုးရေတွေ လှောင်ထားတယ်။ အဲဒီမိုးရေ သုံးကြတယ်။ အိမ်တိုင်းရောက်အောင် ပို့ပေးတယ်။

★ ဒီမှာကျတော့ underground water သုံးကြတယ်။ ပေးထားတဲ့နာမည်က ဘာတုံး။ အဝီစိတွင်းတဲ့။ ဒီမှာနေတုန်းက ဘုန်းဘုန်းက အဲဒါတွေ သတိမပြုမိဘူး။ တခြားနိုင်ငံရောက်တော့ အဝီစိတွင်း ဘယ်လိုဘာသာပြန်လဲ၊ သီရိလင်္ကာရောက်သွားတဲ့အခါမှာ သူတို့ဆီမှာလည်း အဝီစိတွင်း သိပ်မသုံးဘူး။ သူတို့လည်း အင်္ဂလန်လိုမျိုးပဲ၊ ရေကန်တွေသုံးတာ။

★ အဲဒါနဲ့ သံရုံးကနေပြီးတော့ ဒကာမကြီး ဒေါ်လီလီဆိုတာ သူတို့ ဆွမ်းတွေ လာလှူတာ၊ ဒကာမကြီး အင်္ဂလိပ်လို ဘယ်လိုခေါ်တာတုံး။ အရှင်ဘုရား tube well လို့ခေါ်တယ်။ tube well က judgemental မပါဘူးနော်၊ ကောင်းတယ်ဆိုးတယ် မပါဘူး။ အဝီစိတွင်းဆိုတော့၊ အဝီစိကနေ ထွက်လာတဲ့ရေဆိုတော့ အရမ်းကို အားထုတ်ရတာ။ အဝီစိဆိုတဲ့ နာမည်ထည့်တဲ့အခါကျတော့ ကိုယ်က လန့်သွားတာပေါ့။ ဒီမှာနေတုန်းကတော့ မလန့်ပါဘူး နိုင်ငံခြားရောက်တဲ့အခါကျမှ အဲဒါတွေ လန့်တယ်။ 

★ အဲဒီတော့ ဘုန်းဘုန်းပြောချင်တာ အဲဒီဟင်းကို မိခင်စိတ်နဲ့ ကြည့်မယ်ဆိုရင်ပေါ့၊ ခြံသမားတွေ စိုက်ပျိုးရေးသမားတွေကိုလည်း အသိအမှတ်ပြလိုက်တယ်။ အသိအမှတ်ပြုခြင်းအားဖြင့် ကိုယ့်မှာ ဘာလျော့သွားတုံး။ ဘာမှ မလျော့ဘူး။ ပထမဆုံးတော့ ကိုယ့် အခန်းကဏ္ဍကို အသိအမှတ်ပြု။ ကိုယ်ကြိုးစားပြီးတော့ ဒီဟင်းစားချင်တယ်ဆိုရင် ဒီဟင်းဝယ်နိုင်တယ်။ အဲဒီဟာကို အသိအမှတ်ပြုပေး။ ကိုယ်ကြိုးစားမှု ကိုယ် အသိအမှတ်ပြုပေး။ 

★ အဲဒီလိုလုပ်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မေတ္တာထားရာရောက်တယ်။ ပြီးရင် စိုက်ပျိုးတဲ့လူတွေ။ ပြီးရင် အဲဒီထဲမှာ ဘာတွေ ထည့်လဲ၊ ဆားထည့်တယ်၊ ကြက်သွန်ထည့်တယ်။ ခရမ်းချဥ်သီးထည့်တယ်။ ခရီးချဥ်သီးကလည်း နောက်တစ်ခြံ၊ ကြက်သွန်ကလည်း နောက်တစ်ခြံ၊ အများကြီးပဲ။ အဲဒီဟင်းတစ်မယ် အသုံးပြုလိုက်တဲ့အင်အားတွေ အများကြီးပဲ။ 

★ သယ်ယူပို့ဆောင်ရေး မပါသေးဘူး။ အဲဒါဆိုရင် အဲဒီဟင်းခွက်ထဲမှာပါတဲ့ လူတွေရဲ့ကြိုးစားမှု၊ စိုက်ပျိုးတဲ့လူတွေရဲ့ကြိုးစားမှု၊ ဆားထုတ်တဲ့သူတွေရဲ့ကြိုးစားမှု၊ ကြက်သွန်စိုက်တဲ့သူတွေ သူတို့ရဲ့ကြိုးစားမှု။ သယ်ယူပို့ဆောင်တဲ့နေရာမှာ လမ်းဆောက်တဲ့လှူတွေရဲ့ ကြိုးစားမှု၊ အဲဒီလမ်းဆောက်တဲ့ ပစ္စည်းတွေထုတ်လုပ်တဲ့သူတွေရဲ့ ကြိုးစားမှု၊ အဲဒီဟာတွေအားလုံး အဲဒီ ဟင်းတစ်မယ်ထဲမှာပါတယ်။

★ အဲဒီလို အသိအမှတ်ပြုတာ။ အမေက သူ့ကလေး မွေးလာပြီးပြီဆိုရင် ချက်ချင်း မျက်လုံးမမြင်သေးဘူး၊ မျက်လုံးမြင်ပြီဆို တခါတည်း excited ဖြစ်တာလေ အမေက သူ့ကလေး မျက်လုံးမြင်ပြီ။ နောက်လေးဘက်တွား သွားတတ်တယ်ဆိုရင်လည်း တခါတည်း အမေအနေနဲ့ ဘာဖြစ်တုန်းဆို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး စိတ်လှုပ်ရှားရပြန်တယ်။

★ နေ့စဥ်နေ့စဥ် ကလေးက ဘယ်လောက်လေးလာတယ်၊ နို့ဘယ်လောက်စို့တယ်၊ ဘယ်လိုအိပ်တယ်၊ ကလေးက လမ်းမလျှောက်တတ်သေးဘူး၊ တွေ့ရာကိုင်ပြီး လမ်းလျှောက်ဖို့ကြိုးစားတယ်။ လမ်းလျှောက်ဖို့ ကြိုးစားလိုက်၊ ပြန်ထိုင်ချလိုက်၊ ပြန်လဲကျလိုက်။ 

★ အဲဒီဟာကို ကြည့်နေတာပဲ အမေက၊ သူ့ကလေး ကြီးလာပြီ၊ တစ်နေ့ထက် တစ်နေ့ ကြီးလာပြီ။ သူ့ကလေး ကြိုးစားတယ်။ အဲဒါတွေကို အသိအမှတ်ပြုတာလေ။ အဲဒါကြောင့်မို့လို့ ကိုယ် ထမင်းစားတဲ့အခါမှာ အဲဒီဟင်းတစ်မယ်ထဲမှာပါတဲ့ လုံ့လဝီရိယစိုက်တဲ့လူတွေကို ကိုယ် အသိအမှတ်ပြုလိုက်ရင် အဲဒါ အမေစိတ်ဖြစ်သွားတယ်။ မုဒိတာစိတ်ပဲ။ 

★ ကိုယ်တက်ခဲ့တဲ့ကျောင်း၊ အမေစိတ်ကနေ ပြန်ကြည့်ပါ။ စာသင်ခန်းတွေ အဆောင်တွေ ဘယ်သူတွေ တည်ဆောက်ထားတုံး ပြန်ပြီးတော့ အသိအမှတ်ပြုနိုင်တယ်။ ကိုယ့်ဆရာဆရာမတွေ သူတို့တွေ ဘယ်နှစ်တန်းထိ အောင်အောင် ကြိုးစားပြီးတော့မှ ဆရာ ဆရာမ ဖြစ်တုံး။ အဲဒါမျိုးတွေ။ ကိုယ်အသုံးပြုခဲ့တဲ့ text book တွေ၊ ဘယ်သူတွေရေးတုံး။

★ ကိုယ့်အနေနဲ့ essay တစ်ပုဒ်ရေးရတာတောင်မှ ဒီလောက်ခက်တာ၊ အဲဒီလိုစာအုပ်တစ်အုပ်ရေးနိုင်တာ အဲဒါကို ကိုယ်က အသိအမှတ်ပြုလိုက်တယ်ဆိုရင် ကိုယ်ဖတ်တာကတော့ ကျောင်းသားအနေနဲ့ စာဖတ်နေတာ ဒါပေမဲ့ စိတ်က အမေစိတ်ဖြစ်နေတာ။ အဲဒီ အမေစိတ်ကိုပဲ မြတ်စွာဘုရားက မေတ္တာထဲမှာ နမူနာတဲ့။ မေတ္တာထဲမှာ နမူနာက အမေစိတ်။ 

★ ဒါဖြင့် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး မေတ္တာထားရမယ်။ ကိုယ့်ရဲ့အတွေးကို ကိုယ်ပြန်ပြီးတော့ စစ်နိုင်ရင် ကိုယ့်အတွေးပေါ်လာတဲ့အခါမှာ အဲဒီအတွေးကို ကိုယ်စောင့်ရှောက်နိုင်ရင်ပေါ့ အဲဒီအတွေးကို စောင့်ရှောက်နိုင်တယ်။ အမေစိတ်ရှိရင် emotion တွေပေါ်လာတဲ့အခါမှာ emotion တွေ စောင့်ရှောက်နိုင်တယ်။ 

★ မစောင့်ရှောက်နိုင်ဘူး emotion တွေတော့ ဖြစ်နေတယ်၊ အတွေးတွေတော့ ဖြစ်နေတယ်ဆိုရင် အဲဒါ ကလေးစိတ်ဖြစ်နေတာ။ ဒါဖြင့် ဒီနေ့ ဒကာမကြီးအန်တီစန်းကို အကြောင်းပြုပြီးတော့ ဒီနေ့ တရားပွဲကို သမီးတွေက ကမကထ လုပ်တယ်၊ သူက မိခင်ကောင်းတဦးဖြစ်သွားတယ်။ 

★ အဲဒီတော့ ဒီနေရာမှာ မိခင်ရဲ့စိတ်ဆိုတာ ဒကာမကြီး ဒေါ်ခင်စန်းမြင့်မှ မဟုတ်ဘူး၊ တရားနာပရိတ်သတ်အားလုံး ဘုန်းဘုန်းအပါအဝင် ရှိရမယ့်စိတ်။ conscious mind ပါ၊ အဲဒီ conscious mind ကို ထပ်ပြီးတော့ ဖြည့်လိုက်ရင် compassionate mind ဖြစ်သွားတယ်။ 

★ compassionate ဖြစ်တယ် ကရုဏာဖြစ်တယ်ဆိုတာက object တစ်ခုအတွက် dedicated ဖြစ်တာ (စိတ်ရောကိုယ်ပါ တစိုက်မတ်မတ် ဆောင်ရွက်တာ)။ အမေက သူ့သားသမီးကို ဘယ်လောက်ထိ dedicated ဖြစ်တုံး။ မေတ္တာသုတ်ထဲမှာရှိတဲ့အတိုင်း တဦးတည်းသော ရင်သွေးကဲ့သို့ စောင့်ရှောက်တာ။ ဘဝမှာ လူဖြစ်ပြီး ကိုယ့်မှာ dedicate ဖြစ်စရာ မရှိဘူးဆိုရင် အဲဒီလူ သူ့မှာ legacy တွေ ချန်ထားဖို့ ဘာမှ မရှိဘူး။ 

★ ရောက်ဖူးတဲ့လူတွေအနေနဲ့ အားကျစရာ၊ ပြင်သစ်နိုင်ငံ ပါရမီမြို့မှာလေ ကမ္ဘာပေါ်မှာ တကယ့်သမိုင်းတစ်ခု တည်ဆောက်နိုင်တဲ့လူတွေပဲ၊ အဲဒီ သုဿန်မှာထားတာလေ။ နာမည်ကြီးကမ္ဘာကျော် သုဿန်။ ဘာဖြစ်လို့ အဲဒီလို သူတို့သေသွားပြီးတဲ့နောက်ပိုင်း အဲဒီလို ဂုဏ်ပြုတာတုန်းဆိုတော့ dedication တွေ အရမ်းကောင်းလို့။ အသက်ထင်ရှားရှိတဲ့အချိန်မှာ dedication အရမ်းကောင်းတာ။ 

★ Oscar Wilde တို့ဆို သူတို့ရေးတဲ့စာ၊ တချို့လူတွေဆိုရင် piano နဲ့၊ တချို့လူတွေဆို scientific creation တွေ၊ တချို့ကျတော့ ဆေးပညာလောကမှာ၊ တချို့ကျတော့ အတွေးအခေါ်ဘက်မှာ အဲဒီလို အများကြီးပေါ့။ သူတို့တွေ အားလုံးတူတာကတော့ dedication အရမ်းမြင့်တယ်။ 

★ အဲဒီ dedication မြင့်တဲ့စိတ်ကိုတဲ့ “ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာနံ” အဲဒီမိခင်စိတ်ကို မိခင်က သူ တဦးတည်းသောရင်သွေးပေါ်မှာ ထားတဲ့ dedication အရမ်းကိုမြင့်တဲ့ high dedication အဲဒီ dedication ကို လူတွေအားလုံးကို မျှဝေပေးပါ။ မျှဝေတယ်ဆိုတာ ပေးတာ မဟုတ်ဘူး၊ လူတွေအားလုံးကိုလည်းပဲ အဲဒီ dedication ထားပါ။ 

★ ဘယ်လိုတုံး။ ခုနတုန်းက ကလေးတစ်ယောက်တည်း၊ အခုကျတော့ အကုန်လုံးဆို ဘယ်လိုလုပ်ဖြစ်နိုင်မှာတုံး။ ဒီနေရာမှာ quality ကိုပြောတာ။ quality ကတော့ one thing at a time. Focus ကို ပြောတာနော်။ အဲဒီ focus ရှိတယ်ဆိုရင် စိတ်မလေလွင့်ဘူးဆိုရင် ချစ်တာမုန်းတာ ကိုယ့်စိတ်ကိုယ် အရမ်းကြီးလာပြီးတော့ မနှောင့်ယှက်နိုင်တော့ဘူးတဲ့။ 

★ ဒီနေရာမှာ မေတ္တာနဲ့ အပြင်မှာချစ်တဲ့ဟာနဲ့ ခွဲခြားနိုင်ဖို့။ မေတ္တာက အရမ်း dedication များတယ်။ လူငယ်တွေပြောနေတဲ့ အချစ်တွေက dedication သိပ်မမြင့်ဘူး။ satisfaction ရှာကြတယ်၊ ကိုယ့်လိုအပ်ချက်တွေ အဲဒါများတွေ ရှာကြတာ။ ဒါဖြင့် မိခင်ရဲ့စိတ်က သူ့ရဲ့သားကို dedicate လုပ်တယ်ဆိုရင် သူများအတွက် တွေးတာနော်။ တခြားလူအတွက်တွေးတာ မိခင်ရဲ့စိတ်က။ အဲဒါကိုပဲ ကရုဏာလို့ခေါ်တာ။ 

★ သူ့ကလေးပေါ်မှာ ကျရောက်နိုင်တဲ့ အန္တရာယ်တွေ၊ အခု လောလောလတ်လတ်လည်း သူ စဥ်းစားတယ်၊ အနာဂတ်အတွက်လည်း စဥ်းစားတယ်၊ ကလေး ၁၀ နှစ်ပြည့်ရင်၊ ၁၅ နှစ်ပြည့်ရင်၊ ၂၀ပြည့်ရင်၊ အစိတ်ပြည့်ရင်၊ ၃၀ ဆိုရင် အဲဒါမျိုးတွေနဲ့ ကလေးငယ်နေသေးတဲ့အချိန်တောင်မှ ကလေးအနာဂတ်ကို စိတ်ထဲမှာ စိတ်ကူးယဥ်ပြီးတော့ တည်ဆောက်ထားတာ။

★ သူ့ကလေး လျှောက်လှမ်းမယ့် အဲဒီလမ်းမှာပေါ့ ဖြစ်နိုင်တဲ့ အနှောင့်အယှက်တွေ၊ ချိုင့်ခွက်တွေ၊ အဲဒါတွေကို စိတ်ကူးယဥ် imagine လုပ်ထားပြီးတော့ သူ့ကလေးကို သူ ပြင်ဆင်ထားတာ။ ဆင်စီးပြီးတော့ မြင်းရံတယ် မြင်ချင်တယ်ဆိုတာ အကောင်းတကာ့အကောင်းဆုံးမြင်ချင်တာ။ They want to do their best. အဲဒါကို မိခင်စိတ်ခေါ်တာ။ 

★ အကောင်းဆုံးပေးတာကို ပြောတာ မဟုတ်ဘူးနော်။ အကောင်းဆုံးပေးနိုင်အောင် ကြိုးစားတာ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၁.၁.၂၀၂၆) ဇဗ္ဗူသီရိဗိမာန်တွင် ဟောကြားတော်မူခဲ့သော အမေ့စိတ်တရားတော်မှ စာစီပူဇော်ပါသည်။