logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မိခင်စိတ်

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
7/7/2026
မိခင်စိတ်

★ နိဂုံးချုပ်အနေနဲ့ ဘဝတပါးသို့ ပြောင်းသွားတဲ့သူကို သတိရတဲ့အခါမှာ ၂ မျိုးရှိတယ်တဲ့။ တစ်ခုကတော့ ကိုယ့်အတွက်၊ နောက်တစ်ခုကတော့ သွားလေသူအတွက်။ သွားလေသူအတွက် ဒီနေ့ဆိုရင်တော့ ဒကာမကြီးဒေါ်ခင်စန်းမြင့် အနေနဲ့ဆိုရင်တော့ သူ့ရဲ့ကြိုးစားမှုတွေ ကိုယ်ပြန်သတိရပြီးတော့ သူ့ကို ဂုဏ်ယူတယ်။ ပါဠိလိုပြောရင်တော့ အနုမောဒနာ ဖြစ်တယ်ပေါ့။ 

★ အဲဒီ အနုမောဒနာဖြစ်တဲ့စိတ်၊ ဂုဏ်ယူတဲ့စိတ်နဲ့မှ သူ့ကို အမျှပေးဝေလို့ အမျှရတာ။ အင်္ဂလိပ်လို eulogy ခေါ်တဲ့ဟာ ဗုဒ္ဓဘာသာမှာကျတော့ အနုမောဒနာခေါ်တယ်။ ဘဝတပါးသို့ ပြောင်းသွားသူအကြောင်း တွေးတယ်ဆိုရင် ကောင်းတာတွေ တွေးပြီးတော့ ဂုဏ်ယူနိုင်သည်အထိ တွေးပါတဲ့။ 

★ ဒီအကြောင်းကိုပဲ ကိုယ့်အတွက်တွေးတဲ့အခါကျ ဘယ်လိုတွေးရမှာတုန်းဆိုတော့ သံဝေဂရအောင်တွေးရမယ်။ မနှစ်က ဇန်နဝါရီလ ၂၁ရက် ဆုံးတယ်ဆိုတော့ ဇန်နဝါရီလတစ်ရက် new year day မှာ အန်တီစန်းရှိနေတယ်။ နောက်တစ်ပတ်ထိရှိနေတယ်၊ နောက်နှစ်ပတ်ထိ ရှိနေတယ်။ သုံးပတ်ပြည့်တဲ့အခါကျမှ ဆုံးသွားတယ်။ 

★ အခုကျတော့ မိသားစုတွေနှင့်အတူ အတူတူ တရားနာလို့ မရတော့ဘူး။ ခါတိုင်းဆို ရှေ့ကနေပြီးတော့ တရားနာတဲ့အခါ သူခေါ်သွားတယ်။ စည်းရုံးတယ်။ အခုတော့ မရှိတော့ဘူး။ ဒီတိုင်းပဲ နေ့မြင်ညပျောက် လူ့ဘဝ မတည်မြဲဘူး။ အမြဲတမ်း one way ရှေ့ကို တစ်လမ်းတည်းသွားတာ။ 

★ ဇာတိ၊ ဇရာ၊ ဗျာဒိ၊ မရဏာ။ ဇာတိကနေ ပြီးတော့ ဇရာ အိုခြင်း၊ ဗျာဒိ တခါတခါနေမကောင်းဘူး၊ မရဏ နောက်ဆုံးကျတော့ သေတယ်။ ဒါကြောင့် သံဝေဂဖြစ်တယ်။ ဒီလို အောက်မေ့တတ်တယ်ဆိုရင် တော်ရုံတန်ရုံ မာနမဖြစ်ဘူး။ ငါမှန်ရမယ်၊ သူမှားရမယ်၊ အဲဒီလိုတင်းခံတာတွေ မရှိဘူး။ 

★ သေခြင်းတရားကို မေ့တဲ့အခါကျမှ ဖြစ်တာ။ ဒါဖြင့် ဘဝတပါးသို့ ပြောင်းသွားသူကို သတိရတဲ့အခါမှာ သူ့အတွက် ကိုယ့်အတွက် အဲဒီလို သတိရမယ်။ သူ့အတွက်ဆိုရင်တော့ သူကောင်းတာလုပ်ခဲ့တာတွေ သူကြိုးစားခဲ့တဲ့ဟာ အဲဒါတွေ မုဒိတာပွားရမယ်။ ပြီးတော့ အမျှပေးဝေရမယ်။ 

★ မုဒိတာစိတ်နဲ့မှ အမျှပေးဝေလို့ရတာ။ အဲဒါကြောင့် သာဓု အနုမောဒနာ၊ သာဓု ဆိုတာ ကောင်းတာမြင်တာ၊ အနုမောဒနာဆိုတာက ကောင်းတာကို ခံစားတာ၊ feeling. အဲဒီ သာဓု အနုမောဒနာ မရှိဘဲနဲ့ ရေစက်ချရင် ရေပဲကုန်တာပေါ့။ သူက mind training ကိုး။ စိတ် training လုပ်တာ။ အဲဒါက သွားလေသူအတွက်တွေးတာ။ 

★ ကျန်ရစ်သူ ကိုယ့်အတွက် တွေးတာကျတော့ သံဝေဂဖြစ်အောင် တွေးရမယ်။ ငါလည်းပဲ တနေ့ကျရင် ဒီလိုပဲ ကိုယ့်ကို အကြောင်းပြုပြီးတော့ သူများတွေ တရားလာနာကြတယ်။ အဲဒီအချိန်မှာကျတော့ ကိုယ်ကိုယ်တိုင်ကျတော့ မနာနိုင်တော့ဘူး။ 

★ အဲဒီအချိန် မတိုင်ခင်ဆို ဘာလုပ်ရမှာတုံးဆို ဒီ အသက်ရှင်နေတဲ့အချိန်၊ နှစ်တွေ၊ ရက်တွေ တန်ဖိုးအမြင့်ဆုံးဖြစ်အောင်၊ လုပ်ရမယ်။ ဒဏ်ရာဒဏ်ချက်တွေ trauma တွေဖြစ်အောင် လုပ်ရမယ်။ ကလေးစိတ်နဲ့ မိခင်စိတ်နဲ့ဆိုရင် မိခင်စိတ် များများဖြစ်အောင်၊ ကလေးစိတ်ကတော့ ရှိနေသေးတာပဲ။

★ ကလေးစိတ်ဖြစ်လာတိုင်း မိခင်ကစောင့်ရှောက်၊ အဲဒီလို စောင့်‌ရှောက်တယ်ဆိုရင်တော့ မိခင်ကတော့ သူ့ကလေးအတွက်ဆိုရင် စောင့်ရှောက်တယ်၊ သတ္တိရှိတယ်။ အမျှော်အမြင်ရှိတယ်၊ အကြံဉာဏ်ကောင်းတယ်၊ အကုန်လုံး အဲဒီ quality တွေ အကုန်လုံး ရောက်လာတာ။ ဒါ မိခင်။ သူ ရင်သွေး၊ သူ့ရဲ့သား၊ သူ့ရဲ့သမီး လိုအပ်တဲ့ဟာ သူ့ဆီမှာ အကုန်ရှိတယ်။ 

★ လောကကြီးကို မိဘက ညွှန်ပြတဲ့ပုဂ္ဂိုလ်ဆိုတော့ မိဘက လောကကြီးပဲ။ အဲဒါကြောင့်မို့လို့ ကိုယ့်ရဲ့စိတ်ထဲမှာ ဒီမိခင်စိတ်လေး ရှိနေတယ်။ မိခင်စိတ် အမြဲတမ်းရှိအောင် စားတဲ့နေရာ ဝတ်တဲ့နေရာ အချင်းချင်းစကားပြောတဲ့နေရာ အိမ်မှာနေတဲ့အခါ လုပ်ငန်းခွင်မှာနေတဲ့အခါ ဒီမိခင်စိတ် ရှိတယ်ဆိုရင် အဲဒီမှာပဲ တရားဖြစ်နေတယ်တဲ့။ 

★ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ပါ၏ဆိုတာ နေရာတိုင်းမှာဖြစ်တယ်။ ဘုရားသွားတဲ့အခါ ကျောင်းသွားတဲ့အခါကျမှ မဟုတ်ဘူး။ 

★ ဒါကြောင့် ဒီနေ့ တရားနာ ပရိတ်သတ်အားလုံး မိခင်စိတ်တွေ အားကောင်းပြီးသကာလ ဒီမိခင်စိတ်နဲ့ ဒုက္ခခပ်သိမ်း ငြိမ်းရာငြိမ်းကြောင်း အကျင့်ကောင်းဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး သတိပဋ္ဌာန်တရား ဗြဟ္မစိုရ်တရားများကို ဆထက်ထပ်ပိုး တိုး၍တိုး၍ ကျင့်ကြံနိုင်ပြီးသကာလ ဒီမိခင်စိတ်နဲ့ ဒုက္ခခပ်သိမ်း ကင်းငြိမ်းကြပါစေ။ ကပ်ကြီးသုံးပါး ကျော်လွှားနိုင်ကြပါစေ။ တခြားသူများကိုလည်း ကပ်ကြီးသုံးပါးကျော်လွှားအောင် ကူညီစောင်မနိုင်ကြတဲ့ ပါရမီရှင်များဖြစ်ကြပါစေ။ 

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၁.၁.၂၀၂၆) ဇဗ္ဗူသီရိဗိမာန်တွင် ဟောကြားတော်မူခဲ့သော အမေ့စိတ်တရားတော်မှ စာစီပူဇော်ပါသည်။