logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

မသိတာအစ သိတော့အဆုံး

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
8/26/2026
မသိတာအစ သိတော့အဆုံး

❖ စက်ဝိုင်းဒေသနာ ပြန်ကြည့်ရအောင်နော်။ အရေးကြီးဆုံးပဲနော်။ ဒီမှာ ဝေဒနာနှင့်တဏှာအစပ်ကို ထွက်လမ်းလို့ ရေးထားတယ်၊ ဝဋ်ကထွက်တဲ့လမ်းလို့ ခေါ်တယ်။ ဝဋ်စကားကတော့ အဝိုင်းသဘောလို့ ပြောသောကြောင့် အဝိုင်းပုံဆွဲကြတာ။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ ပြန်ဆက်တယ်။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်။ 

❖ ခန္ဓာငါးပါးက ဒုက္ခသစ္စာလို့ ခေါ်တယ်ဗျ။ အာရုံ ဒွါရက မွေးတဲ့ခန္ဓာကို ပြောတာနော်။ အကျိုးတရား ဖြစ်ပါတယ်တဲ့။ ဝိပါကဆိုတာ အကျိုးတရားကို ခေါ်တာ။ အခု ကြားနေရတာ မြင်နေရတာတွေက အကျိုးတရားတွေနော်။ ခုထိုင်နေတယ်၊ ကိုယ်မှာ လောင်နေတယ် အကျိုးတရား။ တွေးစရာအထိ ပေါ်တယ်နော်၊ ရှောင်လို့မရဘူး။ ဘုရားလည်း ပေါ်တယ်။ ရဟန္တာလည်း ပေါ်မှာဘဲနော်။ 

❖ ဘာကြားကြား တွေးစရာ ပေါ်မယ်။ ကိုယ်မှာလောင်လည်း တွေးစရာ‌ပေါ်မှာနော်။ အကျိုးတရားက ရှောင်လို့ ရလား။ ရပ်ပစ်လို့ ရလား။ (မရပါဘူး ဘုရား)။ တချို့ အဲဒါ မသိတော့ ‌ဝေဒနာ ဘယ်တော့ ရပ်မလဲ စောင့်ကြတယ်။ မဆိုင်ဘူး။ သေမှာ သေမှာ လာမှာ လာမှာဘဲလေ။ မရပ်ပေးဘူးနော်။ 

❖ အမြင်မှန်နဲ့ နိရောဓကို မြင်ရမှာတဲ့။ ပေါ်သမျှအားလုံးဟာ အဆုံးသတ်ပြတာ မြင်လိုက်ပြီဆိုရင် အမှောင်နေရာမှာ အလင်းလက်ဦးတော့ အမြင်မှား လာသေးလား။ (မလောတော့ပါဘူး ဘုရား)။ အမြင်မှန်လာရင် အမြင်မှား မလာတော့ဘူးလေ။ အဲဒီတော့မှ ဝဋ်ကလွတ်တာလို့ သိရတယ်။ 

❖ အတိတ်ကာလ၊ နံပါတ် ၁ အကွက်ကို အတိတ် ခေါ်ပါတယ်။ ပြီးခဲ့တဲ့ကာလ ဖြစ်ရပ်က ပြန်ပြီးတော့ ရှုလို့ ရလား။ (မရပါဘူး ဘုရား)။ အနာဂတ်ကလည်း ရှုလို့ ရပါ့မလား။ (မရပါဘူး ဘုရား)။ ယခုဖြစ်ဆဲမှာ ရှိတာ။ နံပါတ် ၂ နဲ့ ၃ မှာ ရှိတာ။ ဒါ ရှုဆဲ ထုတ်ဆဲကို ပြောနေတာ။ 

❖ အဲဒီမှာ အကျိုးတရားက ဝိပါက ဆိုတာက အာရုံ ဒွါရကို သိတဲ့သဘောတရားတွေက ခန္ဓာငါးပါး အကျိုးတရားတွေ ဒုက္ခသစ္စာလို့ ခေါ်တယ်။ မီးလောင်နေတာပါဘဲတဲ့။ အဲဒီမှာ မနောထိပေါ်တာမှာ အမှောင်ဖုံးလိုက်လို့ရှိရင်တော့ ဆက်သွားမှာပေါ့။ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ် ဖြစ်လိမ့်မယ်။ အလင်းက ဦးမယ်ဆိုလို့ရှိရင် အမှောင်လာသေးလား။ (မလာပါဘုရား)။ ဒါဆိုရင် လွတ်ပြီ။ ထွက်လမ်း ပေါ်သွားပြီ။ ရှင်းရှင်းလေးရယ်။ မရှုပ်ပါဘူး။ 

❖ အဝိဇ္ဇာ အမှောင်နေရာမှာ အလင်းဓာတ် လက်ဦးဖို့ လိုတာပေါ့။ ဟုတ်ရဲ့လား။ ဒါကြောင့် ယောဆရာတော် ဘုရားကြီးက ဆုံးမနေတာ ခန္ဓာငါးပါး ဒုက္ခနဲ့ ကိလေသာ မတွဲစေနဲ့ဗျာတဲ့။ တွဲလိုက်ရင် အဆိုးဆုံးနော်။ ဉာဏ်နဲ့ခွဲပါလို့။ ဉာဏ်သာလာရင် တဏှာအစပ်က ထွက်သွားမှာ‌ပေါ့၊ လွတ်မှာပေါ့။ 

❖ ဒီတိုင်းဘဲ အေးအေးဆေးဆေး ဟောနေတာ ယောဆရာတော်ဘုရားကြီး သေချာ ဟောထားတာနော်။ စက်ဝိုင်းဒေသနာ မပါဘူး။ ရိုးရိုးလေး ဟောတာ။ ဒုက္ခနဲ့ ကိလေသာ မတွဲစေနဲ့။ ဉာဏ်နဲ့ခွဲပေးပါလို့ အတန်တန် ဟောနေတယ်။ အမြင်မှားကို ပြောတာနော်။ အမှောင်ဖုံးရင် ပူလောင်တာ ကိလေသာ ခေါ်တာကိုး။ နားလည်မလား။ 

❖ သူ့နေရာမှာ သတ္တဝါ မဟုတ်ကြောင်း၊ “‌နေတံမမ၊ နေသောဟ မသ္မိ၊ နမေသော အတ္တာ” အဲဒီတော့ စကားရဲ့ ပြောလိုရင်းကတော့ ပေါ်တဲ့အမူအရာများဟာ စကားပြောလား။ (မပြောပါဘူး ဘုရား)။ ခင်ဗျားပိုင်တယ်‌ ပြောလား။ (မပြောပါဘူး ဘုရား)။ ခင်ဗျား အိုးပါ အိမ်ပါ သားသမီးပါလို့ ပြောလား။ (မပြောပါဘူး ဘုရား)။ ခင်ဗျား မျက်နှာလို့ရော ပြောလား။ (မပြောပါဘူး ဘုရား)။ ငါလို့ ရော ပြောလား။ (မပြောပါဘူး ဘုရား)။ 

❖ သတ္တဝါ ဟုတ်သလား။ (မဟုတ်ပါဘုရား)။ ကဲ ဖွဲ့ရင်းနဲ့ ရှေ့ဆက်မှာလား။ ငြိမ်းပြတာလား။ (ငြိမ်းပြတာပါ ဘုရား)။ အဲဒီတိုင်း ကျင့်ပေးပါ။ အမှန်ကို အမှန်တိုင်း နှလုံးသွင်း ကျင့်‌ပေးကြပါ။ ကြိမ်များစွာ ပွါးပါ။ ပြည့်အောင် ကြိုးစားကြပါ။ မမှားပါဘူး။ အဲဒီအတိုင်းသွား နိဗ္ဗာန်ပေါ်နေပြီ။ မဂ်လည်း ဟုတ်နေပါပြီ။ သဘောပေါက်ရဲ့လား။ 

❖ ဒါ တစ်နည်းအားဖြင့် သံသရာ အဆုံးလည်း အဲ့ဒါဘဲဗျ။ နားလည်ကြရဲ့လား။ လယ်ဆရာတော်ကြီးကို မေးတယ်၊ ဘိုကုန်းဆရာတော်က မေးခဲ့ဖူးတယ်။ အရှင်ဘုရားတဲ့ သံသရာ ဘယ်မှာစလို့ ဘယ်မှာ ဆုံးပါသလဲ ဘုရားတဲ့။ ပြောကြည့်ပါဦး။ (သံသရာ ဘယ်မှာစလို့ ဘယ်မှာ ဆုံးပါသလဲ ဘုရား)။

❖ ဘိုကုန်းဆရာတော်ရယ်တဲ့ အမှောင်ဖုံးလို့ မသိတာအစ၊ သိတော့အဆုံးတဲ့ဗျ။ မသိလို့ သတ္တဝါထင်ရင် ပြန်စနေပြီ။ သဘောပေါက်လား။ သိလည်းသိရော ငြိမ်းပြီလေ၊ လွတ်သွားပြီ။ ဘဝဖြစ်သေးလား။ မဖြစ်တော့ဘူးတဲ့။ ဇာတိလာပါဦးမလား။ မလာတော့ဘူး။ သဘောပေါက်လား။ အဝေးကြီး မဟုတ်ဘူးနော်။ 

❖ တကယ်လည်း သဘောပေါက်သွားတဲ့ ပုဂ္ဂိုလ်တွေက ဘုရားလက်ထက်တုန်းက တရားနာရင်းနဲ့ သဘောလည်းပေါက်သွားရောတဲ့။ ဘုရားကို ဘယ်လိုလျှောက်လဲဆိုတော့ အရှင်ဘုရားတဲ့ အံ့ဖွယ်ကြီးလိုက်တာတဲ့ ဒီနားလေးမှာတင်ဘဲနော်တဲ့။ အ‌ဝေးကြီး မဟုတ်ဘူးတဲ့။ မှောက်တဲ့ခွက် လှန်ပြလိုက်သလိုဘဲ။ ဖုန်းထားတာ လှပ်လိုက်သလိုဘဲ။ ဒီနားလေးတင် ရှိပါလား။ ရှုဆဲလေးမှာတင် ရှိနေတာကိုး။ 

❖ မျက်စိလည်တာကို လမ်းပြသလို ဒီနားလေးတင် ရှိနေပါ့လားလို့ အဖြေပေးကြတယ်။ ကဲ ရှုပ်သေးလား။ မရှုပ်ဘူးနော်။ ထိုင်နေတဲ့ ဒီကိုယ်လုံးကြီးက စဉ်းစားကြည့်ဦ ဖောက်ပြန်တာတွေက ဘာမှ မတောင်းဆိုဘူး။ မနောထိပေါ်ပြီးရင် ရှေ့ဆက်မှာလား။ ငြိမ်းမှာလား။ (ငြိမ်းမှာပါ ဘုရား)။ ပြင်ပါအုန်းလို့ အော်လား။ (မအော်ပါဘူး ဘုရား)။ နာပြီလို့ရော အော်လား။ (မအော်ပါဘူး ဘုရား)။ 

❖ ဘယ်သွားမယ်လို့ရော ပြောသေးလား။ (မပြောပါဘူး ဘုရား)။ ဘာမှ မတောင်းဆိုဘူး၊ တိတ်ဆိတ်လို့ သူဘာသူ လောင်နေတာပဲရှိတယ်၊ အဆုံးသတ်တာဘဲ ရှိတယ်လေ။ ရိုးရိုးရှင်းရှင်းလေးနဲ့ မျက်စိလည်နေကြတာနော်။ သတ္တဝါထင်ကာမှ ငါလည်း ထင်ရော ငါ့အိမ်အတွက် ဘာလုပ်ရဦးမှာဆိုပြီး ထသွားကြရော။ ဘယ်သွားမယ်ဆိုပြီး အခိုင်းခံရပြန်ရောလေ။ သဘောပေါက်ရဲ့လား။ ရှင်းရှင်းလေးနဲ့ ရှုပ်နေကြတာ နားလည်ပြီလား။ 

❖ တရားထိုင်တဲ့အခါကျ သေခါနီးမှာ အဲ့တိုင်းသွားရမှာလေ။ လှုပ်လို့ မရတော့ဘူးလေ။ တောင်းဆိုချက်တွေကို မနိုင်မနင်းနဲ့ ဆိုရင်တော့ရုန်းရကန်ရနဲ့ဆိုရင်တော့ ဖြစ်ချင်တာ မဖြစ်ရင် ပူလောင်လာရင် သေခါနီးမှာ ဘဝက ကြမ်းတမ်းလာပြီဆိုရင် အပါယ်လေးပါးပေါ့။ တောင်းဆိုချက် မရှိတာကို အမှန်သိရမှာ‌ပေါ့။ 

❖ အခုထိုင်နေတာ အကဲခတ်ကြည့် မျက်စိခဏ မှိတ်ကြည့်။ ဒီမှာ ဓာတ်တွေ ဖောက်ပြန်နေတယ်။ အမူအရာ ‌ပေါ်တာက ပြင်ပါ ပြောင်းပါလို့ ပြောတတ်တဲ့ပုဂ္ဂိုလ်မပါဘူးလေ။ ခင်ဗျားမျက်နှာပါ။ ခင်ဗျား ပါးစပ်ပါ မပြောတဲ့အပြင် ညောင်းလှပါပြီ ပြင်ပါဦး ပြောတဲ့ စကားမရှိဘူး။ ထပါဦး ဘယ်သွားမယ်လို့ ပြောတဲ့ စကားမရှိဘူး။ 

❖ တော်လောက်ပြီ နားပါလို့လည်း မအော်ပါဘူး။ တိတ်ဆိတ်လို့ ဓမ္မသဘောက ဖောက်ပြန်ပြီး အဆုံးသတ်ပြတာပဲ ရှိတာပဲ၊ ဘာမှလည်း မတောင်းဆိုပါဘူး။ ညောင်းပြီ နားတော့မယ်လို့လည်း မအော်ပါဘူး၊ မပြောပါဘူး။ ဘယ်သွားအုန်းလို့လဲ မတောင်းဆိုပါဘူး။ စကားပြောတတ်တဲ့ အကောင်းအထည် သတ္တဝါရှိမှမရှိတာကြီးကို တိတ်ဆိတ်လို့ ဒီမီးဟာ ဉာဏ်အောက်ကျတော့ ပြီးဆုံးနေတာပဲ ရှိပါတယ်။ 

❖ ရှူဆဲအချိန်နှင့်အတူ လောင်ရင်းကုန် ပြီးဆုံးနေတယ်။ တိတ်ဆိတ်နေပါတယ်။ ဘာမှ မတောင်းဆိုပါဘူး။ တိတ်ဆိတ်နေပါတယ်။ ငါ ထင်တော့မှပဲ လုပ်စရာတွေက ပေါ်လာပြီ၊ သွားကိုသွားရမှာ၊ မဖြစ်တော့ဘူး၊ ရှုပ်ကုန်ပြီလေ။ ဒါကြောင့်မို့လို့ ရှင်သာရိပုတ္တရာ အရှင်မြတ်ကြီးတို့ ပြန်တွေးပြီးတော့ အို ကြည်ညိုလိုက်တာ။ စဥ်းစားကြနော်။ 

❖ ဒီတရားလည်း နားလည်သွားရော တနေကုန် အေးအေးချမ်းချမ်းနေလို့ရတာလေ။ ဘာမှဖြစ်ချင်တာမရှိတော့ တဏှာအခိုင်းလည်း မခံရတော့ အေးအေးချမ်းချမ်း တနေကုန်နေနိုင်တယ်။ တပါးတည်း အေးချမ်းစွာ နေနိုင်ကြတယ်။ 

❖ အဝိဇ္ဇာ တဏှာရှိရင်တော့ နေလို့ကို မရဘူး အခိုင်းခံနေရတော့ ပြေးလွှားနေရမှာပဲလေ။ ရမယ်နော် မျက်လုံးးပြန်ဖွင့်ကြမယ်။ တရားက မရှုပ်ပါဘူး၊ ရိုးရိုးရှင်းရှင်းလေးလနော်။ 

❖ အတိတ်က ထားခဲ့တော့၊ သင်ခန်းစာယူဖို့ ဟောတာနော်။ အနာဂတ်ကလည်း ရောက်မလာသေးဘူး။ ယခုဖြစ်ဆဲပစ္စုပ္ပန်ကာလ ဒီအချိန်လေးမှာပဲ ကိုယ်မှာလောင် မနောအထိ တွေးစရာ ပေါ်မနေဘူးလား။ (ပေါ်နေပါတယ် ဘုရား)။ ဉာဏ်က လက်ဦးမယ်ဆိုရင် အမှောင်မလာရင်တော့ အစပ်ပြတ်ပြီပေါ့။ ရှုနည်းလေး ဘုရားပြောပြီးပြီ၊ နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။ 

(မမေသူကိတ်မှ စာစီပူဇော်ပါသည်။)