❖ ဝဋ်ကထွက်သည်ထိ မြင်တဲ့ဉာဏ်ဆိုရင်တော့ မဂ်ဉာဏ်ခေါ်တယ်။ မဂ္ဂဆိုတာ လမ်း။ လမ်းမှန်ရင် မဂ္ဂခေါ်တာ။ ဂငယ်ဆင့်တာကို အောက်ကဖယ်လိုက်ရင် အသတ်ထည့်ရတယ်။ မဂ်လို့သုံးကြတယ်။ ဝဋ်သုံးပါးက ထွက်တဲ့လမ်း မြင်ရင် အဲဒါ မဂ်ဉာဏ်ခေါ်တာတဲ့ဗျ။ မှတ်ထားနော်။
❖ မဂ်ဉာဏ်ဆိုရင် ဘယ်လိုဟာမျိုးလဲမေးတော့မှတဲ့ တဏှာအစပ်မှာ မဆက်တော့ဘဲနဲ့ ခန္ဓာနိရောဓကို မြင်သွားရင် တဲ့ အဲဒါ မဂ်ဉာဏ်ပဲဗျာ။ ခန္ဓာချုပ်ငြိမ်းတာကို မြင်လိုက်ရင် မဂ်ဉာဏ်ပဲ။ ခန္ဓာပါလာပြီနော်။ ခန္ဓာအကြောင်း ပြန်တွေးရအောင်နော်။ ခန္ဓာမှာ ခန္ဓာငါးပါးလို့ မကြားဖူးဘူးလား။ (ကြားဖူးပါတယ် ဘုရား)။
❖ ခန္ဓာငါးပါးက ဒုက္ခသစ္စာလည်း ခေါ်ပါတယ်တဲ့။ စလာပြီနော်။ ခန္ဓာငါးပါးက ဘယ်အချိန်ပေါ်လဲမေးရင် (အာရုံနဲ့ဒွါရ တိုက်တဲ့အချိန်ပေါ်ပါတယ် ဘုရား။) အဲဒါ သတိထားရမယ့် အချက်ဘဲ။ သုတ္တန်နည်းမှာတော့ ရုပ် ဝေဒနာ သညာ သင်္ခါရ ဝိညာဏ် ဆိုရတာပေါ့နော်။ အဘိဓမ္မာမှာကျတော့ တစ်ပေါင်းတည်း ယူရတယ်တဲ့။ လက်က်ခနဲဆို အကုန်ပါသွားပြီ။
❖ အာရုံတိုက်တဲ့အခါ သိတဲ့သဘောလေး၌တဲ့ အိပ်ပျော်ရင် သိပါ့မလား။ (မသိပါဘူး ဘုရား)။ နာမ်လေးပါးပေါင်းလို့ သိတာပါလို့ ဘုရားက မြင်သွားတာတဲ့။ ဘုရားဉာဏ်နဲ့မြင်ခဲ့တာ။ စိတ် စေတသိက်တွေ ဘုရားက ပိုင်းခြားမြင်ခဲ့တာတဲ့။ တို့က မြင်တာ မဟုတ်ဘူး။ ယုံကြည်မှုနဲ့ဘဲ လက်ခံရမှာ။ အဲ့နေရာက အခက်ဆုံး ဖြစ်သွားပြီ။
❖ စိတ်ကို တို့ က မြင်ရတာ မဟုတ်ဘူးနော်။ စေတသိက်လည်း မြင်ရတာ မဟုတ်ဘူး။ အတွေးပုံတွေကိုသာ မှန်းဆပြီးတော့ ပြောနေတာ။ အမှန်ကတော့ အင်မတန် သိမ်မွေ့တဲ့စိတ် တို့ မရေနိုင်ပါဘူး။ ဘုရားက ရေနိုင်တယ်။ မျက်တောင်တစ်ခက်အတွင်း၌ ကုဋေပေါင်း တစ်သိန်း။ တစ်ကြိမ်ကို ဘုရားက ပိုင်းပြသွားတာ။ ဒါကို လက်ခံနိုင်ဖို့ လိုအပ်တာနော်။
❖ စိတ်ဆို စေတသိက်လည်း ပါပြီးသားပါတဲ့။ စိတ် စေတသိက် တွေကတဲ့ တစ်ပေါင်းတည်း လာတာတဲ့ဗျ။ တူသောမှီရာ၊ တူသောအာရုံ၊ တူသောဖြစ်ခြင်း၊ တူသော ချုပ်ခြင်း၊ တစ်ပေါင်းတည်းဖြစ် တစ်ပေါင်းတည်းချုပ်။ အာရုံ ဒွါရ တိုက်ချိန်မှာ လာပေါင်းတာလို့ မှတ်ပါ။
❖ နားမှာခန္ဓာငါးပါးပေါ်တာ ကြည့်ရအောင်နော်။ နားသည် သတ္တဝါပါလား။ (မပါပါဘူး ဘုရား)။ မပြတ်ဖောက်ပြန်တာနော်။ အသံလှိုင်း တိုက်ပါပြီတဲ့။ အိပ်ပျော်သိပါ့မလား။ (မသိပါဘူးဘုရား)။ နိုးတော့မှ နာမ်လေးပါး ဘဝင်က ပြတ်ပြီးတော့ လာပေါင်းတာပါလို့ ဘုရားက ဟောပြထားတယ်နော်။
❖ အာရုံကြောအဖျားရောက်လာပြီ ယှဉ်ဖော်ယှဉ်ဖက်တွေကို အာရုံနဲ့ထိတွေ့အောင် စေ့ဆော်ပေးတာကို သင်္ခါရ ခေါ်တယ်။ အာရုံ အရသာ ခံစားတာက ဝေဒနာ။ မှတ်သားတာက သညာ။ စေ့ဆော်ပေးနေတာက သင်္ခါရ။ ပိုင်းဖြတ်သိတာက ဝိညာဏ်။ စိတ်ရယ် စေတသိက်ရယ် ပေါင်းလောင်းတာက ဖဿ။ လက်ခနဲ သိပြီးရင် ပျောက်ထွက်သွားတာတဲ့ဗျ။
❖ ဘုရားက ဥပမာ ပေးခဲ့တာ၊ ကောင်းကင်မှာ လျှပ်စီးလက်သလိုဘဲတဲ့။ လက်ခနဲ ဖြစ်ပြီးရင် ပျောက်မသွားဘူးလား။ (ပျောက်သွားပါတယ်ဘုရား)။ အဲဒီပမာကဲ့သို့ သိတဲ့သဘောလေး ပေါ်တာကို ဘုရားက ခန္ဓာငါးပါးလို့ ခေါ်တာ။ အဲဒါ ဘဝဘဲတဲ့ဗျ။ ဘယ်လိုခေါ်တုန်း။ (ဘဝပါ ဘုရား)။ လောကလည်း အဲဒါ ခေါ်တာ။ အဲဒါကို ဒုက္ခသစ္စာလို့ ခေါ်သေးတယ်။ စပြီနော်။
❖ အဲဒါ မြင်ဖို့ကလည်း မလွယ်ဘူး။ ဘုရားပွင့်လို့ တစ်ခါသိရတာ။ စိတ်မှမရေနိုင်တာလေ။ အခက်ဆုံးအလုပ်ဘဲနော်။ အဲဒီတော့ သိတဲ့ သဘောလေးက ဒါမပြီးသေးဘူးနော်။ ဘဝင်ကပြတ်ပြီး နားအကြည်ဓါတ်မှာ သွားပေါင်းပြီ။ နှလုံးသားမှာ ကွက်လပ်ဖြစ်သွားတော့ နောက်စိတ်က အစားထိုးပြီးတော့ လာမှီတော့တာဘဲ။
❖ အတိတ်က ကံရှိနေတာကိုးနော်။ မသေတော့ ထပ်ဖြည့်ပြီးတော့ အာရုံဖမ်းလိုက်ပြီတဲ့ဗျ။ တွေးစရာ မပေါ်ဘူးလား။ ဖုန်းမှန်မှာ ပေါ်သလိုပေါ့။ ပေါ်တဲ့ ပုံလေးကလည်း ဖွဲ့ရင်းနဲ့ ရှေ့ဆက်ဖို့လား ပျောက်ဖို့ လာတာလား။ (ပျောက်ဖို့လာတာပါ ဘုရား)။ အဲဒါ သိစေချင်တာ။ အဲဒီနေရာမှာ ကြေညှပ်ဖို့ လိုအပ်တာ။ နားလည်ပြီလား။
❖ ပုစ္ဆာပေးသလို ပေါ်လာပြီ။ ပေါ်တာကို ဘုရားပေးတဲ့ဉာဏ်နဲ့ သိတဲ့အခါမှာ အလင်းနဲ့ ဖြိုခွဲတယ် ခေါ်တာပေါ့။ ဂဏ ကျေတယ် သုံးကြတယ်။ မှတ်ထားနော်။ ပေါ်တဲ့အမူအရာအရိပ်က အိမ်ပုံတွေ ကိုယ့်မျက်နှာကအစ ပေါ်တဲ့ပုံလေးတွေ pixel လေးတွေလို့ သိပ္ပံက သုံးတယ်၊ ဘုရားက ပရမာအနုမြူ လို့ သုံးပါတယ်။ သေးလွန်းအားကြီးတော့တဲ့ ဖွဲ့ရင်း ပျောက်တာတဲ့။
❖ ဟုတ်မဟုတ်၊ နားက ကြားမယ်။ တွေးစရာပေါ်တာလေး နမူနာ ထားမယ်နော်။ ကိုယ့်ရဲ့ အမေကို ပုံဖော်ကြည့်မယ်။ ကဲ ကိုယ့်ရဲ့အမေလို့ အသံကြားတာနဲ့ အမေ့ မျက်နှာလေး ပေါ်မလာဘူးလား။ နဖူး မျက်ခုံး မျက်လုံး ဆံပင် နှုတ်ခမ်း အဝတ်အစားက အစ အားစိုက်ဖွဲ့လိုက်ပါ။ အဲဒီပုံရိပ်ကို အမှန်သိနေပြီလေ။ ရှေ့ဆက်မှာလား၊ ပျောက်သွားရမှာလား။ (ပျောက်သွားမှာပါဘုရား)။ သားသမီးတွေ ရနေပြီ။ အဲ့ဒါ ပညာအလင်း ခေါ်တယ်။ ရနေပြီ။ သဘောပေါက်တာနော်။
❖ အကောင်အထည် သတ္တဝါပါလား။ (မပါပါဘူး ဘုရား)။ မပါဘူးတဲ့။ ကိုယ့်မျက်နှာကို ပြန်လုပ်ကြည့်မယ်နော်။ အသက်ရှူလိုက်ပါဦးမယ်။ ကဲ မျက်စိခဏ မှိတ်လိုက်။ အားစိုက်ရှူလိုက်လို့ရှိရင် ကိုယ်မှာ လောင်တာနဲ့ မျက်နှာအမူအရာ ပေါ်နေပါပြီ။ နဖူး မျက်ခုံး မျက်လုံးကအစ ပေါ်နေပါပြီ။ ပါးပါးလေး ပေါ်နေပါတယ်။
❖ ပေါ်တာဟာ ခင်ဗျားရဲ့ နဖူးပါ၊ ခင်ဗျားရဲ့ မျက်ခုံး မျက်လုံးပါ၊ ခင်ဗျား နှာခေါင်းပါ၊ ပါးစပ်ပါ၊ ခင်ဗျား မျက်နှာပါလို့ အသံထွက်သလားလို့ ဉာဏ်နဲ့ စစ်ဆေးကြည့်ပါ။ ရှူဆဲကာလ ပေါ်တဲ့အမူအရာသည် ကဲ ဖြေနိုင်ပါပြီ။ စကားပြောသွားလား။ (မပြောပါဘူး ဘုရား)။ ငါလို့လည်း အော်သွားလား။ (မအော်ပါဘူး ဘုရား)။ သတ္တဝါ ဟုတ်လို့လား။ မဟုတ်လို့လား။ (မဟုတ်လို့ပါ ဘုရား)။
❖ အချိန်နဲ့အမျှ ဖွဲ့ရင်းနဲ့ ရှေ့ဆက်တာလား။ ပြီးဆုံးသွားတာလား။ (ပြီးဆုံးသွားတာပါ ဘုရား)။ အေး အဲ့ဒါပြောနေတာလေ။ အဝေးကြီး မဟုတ်ဘူးနော်။ အဲ့ဒါကို ယုံကြည်စွာ လက်ခံရမှာ။ သဘောပေါက်ရဲ့လား။ စဉ်းစားကြ။ စဉ်းစားကြ။ အဲ့ဒါကို အမှောင်လည်းဖုံးရော သူက ထပ်ဖွဲ့ထားတော့ ငါကြီးက ထင်ရှားလာတာ။ မျက်နှာက ထင်ရှားသွားပြီ။ သဘောပေါက်ရဲ့လား။ အမြင်မှားတော့နော်။
❖ ပြီးတော့မှ ငါခေါင်းပြီးရင် ငါ့အိမ် ပေါ်လာပြန်တာ။ မျက်နှာက ဖွဲ့လို့ ငါထင်မှနော် အိမ်က ဖွဲ့လို့ရတာ။ ငါပျောက်သွားရင် အိမ်က မလာတော့ဘူးဗျာ။ သားသမီးလည်း မလာတော့ဘူးဗျာ။ မျက်နှာကြီးက ခိုင်ပြီးတော့ ချီထားတာ။ ဒိဋ္ဌိကြိုး ချည်တယ်ခေါ်တယ်နော်။ တင်းပြီး ချည်ထားတော့မှ ငါ့အိမ်လို့ ဆက်တင်းတယ်၊ ငါ့သမီး ငါ့သားလို့ ဆက်တင်းလာတော့တာဘဲ။ အဲဒါကို တဏှာရယ် မာနရယ် ဒိဋ္ဌိရယ်၊ အဲဒီမှာ ကံဆိုတာ လာတော့တာဘဲ။
❖ အဲဒီတော့ ဖွဲ့တဲ့ပုံကို ဉာဏ်နဲ့ဖြိုခွဲရင် ပြေသွားတာလေ။ ပြေသွားရင် မာနလည်းပျောက်၊ ဒိဋ္ဌိလည်းပျောက် တဏှာရော လာသေးလား။ (မလာတော့ပါဘုရား)။ ပြေသွားပြီဆိုရင် ချုပ်ငြိမ်းတာ တွေ့ပြီလေ။ အဲ့နေရာက တိုတိုရှင်းရှင်းလေးနဲ့ ခက်လည်း ခက်တဲ့ နေရာလေးပါဘဲ။ အဝေးကြီး မဟုတ်ဘူးနော်။ ရှုဆဲလေးမှာတင် ရှိနေတာ။ ထုတ်ဆဲမှာတင် ရှိနေတာ။
❖ ကဲ နည်းနည်း စဉ်းစား။ ရိုးရိုးလေး စဉ်းစားကြည့်ကြရအောင်။ ဒီကိုယ်လုံး ထိုင်နေတဲ့အချိန်မှာ စကားအရ လောကပညတ်အရ ငါ့မှာ အိမ်ရှိတယ် ပြောကြတယ်။ ဟုတ်ရဲ့လား။ မပြောကြဘူးလား။ ရိုးရိုးလေး စဉ်းစား။ ဒီကိုယ်လုံးနဲ့ အိမ်နဲ့ ကြိုးသွယ်ထားတာရှိလား။ အဆက်အသွယ် ဘာရှိတုံး။ မရှိဘူးနော်။
❖ ဒါပေမယ့်လို့ အမြင်မှားက ငါလည်းဖွဲ့ထားရော ငါ့အိမ်ထင်ထားပြီး နှလုံးသွင်းထားတာကိုး။ အဲ့မှာ ညှိနေတော့တာဘဲ။ အသွေးအသားမှာ အရက်ကိုစွဲသလိုပေါ့။ ညှိနေပြီနော်။ အိမ်က အသိမ်းခံရတယ်ဟေ့၊ ဖျက်ရတော့မယ်ဟေ့ ဆို ဒီမှာ လှုပ်နေပြီ။ အိမ်က အဝေးကြီးကို ဒီမှာ လာလှုပ်နေတာ ကြည့်ပါလား။ သဘောပေါက်ရဲ့လား။
❖ ကိုယ်နဲ့ကိုယ့်သားသမီး ဆွေမျိုး ခင်တဲ့ပုဂ္ဂိုလ် ပုံဖော်လိုက်မယ်။ ဒီကိုယ်လုံးနဲ့ သူ့ကိုယ်လုံးနဲ့က ကြိုးသွယ်ထားတာ ရှိလား။ (မရှိပါဘူးဘုရား)။ ဒါပေမယ်ံ့ အမြင်မှားလေ။ သတ္တဝါထင်လို့ ငါထင်ပြီး နှလုံးသွင်းထားသောကြောင့် အစာစားသလိုဘဲ သူက ကပ်နေပြီ။ ဟိုက ကိုယ်ခင်တဲ့ ချစ်တဲ့ သားသမီးက ဆွေမျိုးက နေမကောင်းဖြစ်လို့ ဆေးရုံတင်ရတယ်ဆိုရင် ဒီမှာက ယောက်ယက်ခတ်ကုန်ပြီ။ သဘောပေါက်ရဲ့လား။ အဲဒါကို ဘုရားဟောနေတာ။ သေချာလား။
❖ အဲဒီတော့ ဒီမှာ လေ့ကျင့်ရမှာနော်။ ရှုဆဲမှာပေါ်တဲ့ အမူအရာလေးကို ငါမဟုတ်ကြောင်း သတ္တဝါမဟုတ်ကြောင်း ဆုံးဖြတ်ချက်ချပြီး ကျင့်ပါများလို့ရှိရင် အံ့သြစရာကောင်းတယ်။ ပျက်စီးတယ် ကြားကြား အနေတော်ဘဲ။ ကိုယ်သေမယ့် ရောဂါဖြစ်လည်း အနေတော်ဘဲ။ အေးအေးဆေးဆေး ဖြစ်လိမ့်မယ်။ မကောင်းဘူးလား။ အဲဒါ ကျင့်ရမှာ တိုတိုလေး၊ မရှုပ်လည်း မရှုပ်ဘူး။ စာကျက်သလို ပြည့်အောင် ပွားရမှာလေ။ နားလည်မလား။
❖ စာက ဘုရားက ရွတ်ဖို့ စကားလုံး ပေးပါတယ်။ “ နေတံမမ၊ နေသောဟမသ္မိ၊ နမေသော အတ္တာ” ဒါစကားလုံးပေါ့နော်။ စကားလုံးရဲ့ ညွှန်ကြားတာကတော့ ပေါ်တဲ့ ဒီအမူအရာက ခင်ဗျားပိုင်တယ် ပြောလား။ (မပြောပါဘူး ဘုရား)။ ငါလို့ ပြောလား။ (မပြောပါဘူး ဘုရား)။ သတ္တဝါ ဟုတ်သလား။ (မဟုတ်ပါဘူး ဘုရား)။ ဖွဲ့ရင်းနဲ့ ရှေ့ဆက်ရမှာလား။ ပြီးဆုံးတာလား။ (ပြီးဆုံးတာပါ ဘုရား)။
❖ အဲ့ဒါဘဲ အကြိမ်များစွာ စာကျက်သလို နှလုံးသွင်းရမှာပေါ့။ အဲ့ဒါလေးဘဲ။ လွယ်လွယ်လေးဘဲ ဥစ္စာကြီးကို။ အဲ့ဒါက နိဗ္ဗာန် ပေါ်နေပြီလေ။ မဂ်ဉာဏ်လည်း ခေါ်နေပြီ။ အဲ့ဒါကို အကြိမ်ရေများစွာ လေ့ကျင့်ပေးဖို့ဘဲ ရှိတော့တယ်။ ရှုပ်သေးလား။ ရှုပ်တော့ဘူးနော်။ မှတ်ထားနော်။ အရေးကြီးတယ်နော်။ ကျင့်ပေးနေရတယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ပထမအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။
