❖ ဝိပါကဝဋ်ကတော့ ဘုရားမှာလည်းရှိတယ်၊ ရဟန္တာမှာလဲရှိတယ်။ အကျိုးတရားကို သတ်လို့မရဘူးလို့ မှတ်ခဲ့အုန်း။ အတိတ်က ပြုခဲ့တဲ့ ကံအရှိန် မကုန်မချင်းမှာ ပေါ်နေမှာပဲတဲ့။ သေချင်လို့လည်း သေလို့မရဘူးလို့ မှတ်ရမယ်။
❖ ဘုရားရှင်ဆိုရင် တခါတရံ ဝမ်းတော်လားတယ်။ ခေါင်းကိုက်တယ်၊ ခြေမမှာ သွေးစိမ်းတည်တဲ့အခါ တည်တယ်။ ရှောင်လို့မရဘူးနော်။ တခါတရံ ချီးမွမ်းခံရတာရှိတယ်၊ ကဲ့ရဲ့ခံရတာရှိတယ်။ ပြုတဲ့ကံအတိုင်းပဲ အကျိုးပေးတာတဲ့။ radio လိုင်းများလိုပေါ့နော်၊ မြန်မာ့အသံ၊ မြဝတီ ချိန်ထား၊ နာရီအမျှ လိုင်းတည့်လို့ရှိရင် အလှည့်ကျလာတာလေ။ ရှောင်လို့မရဘူး။
❖ အဲဒီတော့ သိဆိုတဲ့ သဘောတရားမှာလည်းပဲတဲ့ ပြုတဲ့ကံအတိုင်း အာရုံတွေက လာတာ။ ကံအရှိန်အတိုင်းလာတာနော်။ တခါတရံ ကောင်းတဲ့ကံအကျိုးပေးလို့ရှိရင် ကောင်းတဲ့အဆင်းအသံတွေ မြင်နေရမှာ။ မကောင်းတဲ့ကံ အကျိုးပေးရင် မကောင်းတာတွေ မြင်နေ ကြားနေရမယ်တဲ့။ ဒါကတော့ ဘုရားရဟန္တာမှာလည်း ရှောင်လို့မရဘူး။
❖ သို့သော် ကွာတာက ဒီအစပ် (ဝေဒနာနှင့်တဏှာအစပ်)လေးပဲ ကွာတယ်။ အဲဒီအစပ်မှာ အဝိဇ္ဇာဖုံးမယ့်နေရာမှာတဲ့ အဝိဇ္ဇာနေရာမှာ ဝိဇ္ဇာဆိုတဲ့ ဉာဏ်အလင်းဝင်လိုက်ပြီ၊ ဝင်တဲ့အခါဆိုရင် ပေါ်တဲ့အာရုံသည် အကောင်အထည် မဟုတ်ကြောင်း၊ သတ္တဝါမပါကြောင်းကို အမှန်ဆုံးဖြတ်ပြီ။ ဆုံးဖြတ်တော့ ကာလမခြား မနောပေါ်တဲ့အခါမှာ ပေါ်တဲ့အမူအရာဟာ အကောင်အထည်မှ မဟုတ်တာ သိပြီ၊ စကားလုံးမပါတာသိပြီ။
❖ သိတော့ ငါမှ မဟုတ်တော့ ဉာဏ်နဲ့ ဖြိုခွဲနိုင်နေပြီ။ ဒါဆိုင် ငါ၊ ငါ့ကိုယ်လုံး၊ ငါ့အတွက်ဆိုတဲ့ သဘောတရားလာအုန်းမလား။ မလာရင် အမှောင်နေရာမှာ အလင်းဝင်သောကြောင့် တဏှာ ဥပါဒါန် မလာတော့ဘူး။ ဒါ အမှောင်အုပ်စုရဲ့စွမ်းအား သိပြီနော်။ မလာရင် ကမ္မဘဝရော လာသေးလား။ မလာတော့ဘူး။ မလာရင် ဇာတိလည်း မလာဘူး။ ဝဋ်က ထွက်တယ်လို့ ခေါ်တယ်။ တရားက တိုတိုလေးရယ်နော်၊ တကယ်သိတော့ တိုတိုလေးနော်။ လိုက်နိုင်လား။
❖ ဝဋ္ဋ ဆိုတဲ့စကားသည် အဝိုင်းလို့ပြတယ်။ အဝိုင်းသဘောဆိုတာက အစ အဆုံး မထင်နိုင်ဘူး၊ မပြီးနိုင်ဘူးလို့ ပြောတာနော်။ ကရွတ်ခွေလေးပေါ်မှာတဲ့ ကင်းတစ်ကောင်လျှောက်နေတယ် ဆိုပါစို့တဲ့။ စဥ်းစားကြည့် အဲဒီကင်းလေးက သူ ဆုံးတယ်ရှိပါ့မလား။ လမ်းမဆုံးဘူးနော်။
❖ အဲဒီတော့ အားလုံးရဲ့သန္တာန်မှာတဲ့ ဖြစ်စဥ်တွေ ကြည့်လိုက်တော့ကား အစလည်း မထင်၊ အဆုံးလည်း မမြင်နိုင်အောင် ရှည်တာတဲ့။ ဒါကြောင့်မို့ ဘုရားက ဝဋ္ဋ လို့ သုံးထားတာ။ အစမထင် အဆုံးမမြင်နိုင်အောင် ရှည်သောကြောင့် ဝဋ္ဋနော်။ အဲဒီကနေ ထွက်ချင်တယ်ဆိုရင် ဝဋ်သုံးပါးကို ဘုရားကပြတာ၊ အင်မတန် ဉာဏ်ကြီးတယ်နော်။ သေချာကြည့်နော်။ တော်တော်ခဲယဥ်းတာနော်။
❖ အဲဒီတော့ ကိလေသဝဋ်၊ ကမ္မဝဋ်၊ ဝိပါကဝဋ်သည် အမှန်တကယ်တော့ ဆက်နေတာပါတဲ့။ ဆိုလိုတာကတော့ အမြဲတမ်းပေါ်နေတာသည် ဝိပါကပေါ်နေတာ။ အတိတ်ကပြုတဲ့ ကံအရှိန်မကုန်မချင်း မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပေါ်မနေဘူးလား။ ပေါ်တော့ လက်ရှိရှိတော့ အာရုံမတိုက်ဘူးလာ။ (တိုက်ပါတယ် ဘုရား)။
❖ တိုက်ရင် အိပ်မပျော်ဘူးဆိုရင် အသိ ဖြစ်ပြီလေ။ ဖြစ်ရင် ကာလမခြား မနောပေါ်မသွားဘူးလား။ ပေါ်တာကို နောက်စိတ်က ကိလေသဝဋ်ခံလိုက်တော့ ကံမြောက်တဲ့အထိ ပြန်မသွားဘူးလား။ ဘဝပြောင်းမသွားဘူးလား။ ဓါတ်ရိုက်ဓါတ်ခိုး ပြောင်းသွားပြန်ရော။ သတ္တိကိန်းပြန်ရော။ ပြီးရင် ပြန်တပတ်လည်ပြန်တာပဲ။ သွားတော့တာပဲ။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ဆက်တော့တာပဲ။
❖ ဘုန်းဘုန်းတို့ တစ်ခုသတိထားရမှာက ပြုခဲ့တဲ့ကံအရှိန်တွေက တခါတရံမှသာလျှင် ကိုယ့်ကို အကျိုးပေးတယ်ထင်တာ အမှားပဲ။ အချိန်တိုင်း အကျိုးပေးနေတာ။ လာဆက်သွယ်နေတာ။ ဒီ အကျိုးပေးကို မမေ့နဲ့နော်။ မြင်ခွင့်၊ ကြားခွင့်၊ နံခွင့်၊ စားခွင့်၊ မနော သိခွင့်ရတာ မှန်သမျှသည် အချိန်တိုင်း ကံက အကျိုးပေးနေတာ။
❖ ဒါကို ခန္ဓာငါးပါး သိ တစ်ချက်မှာဆိုရင်တဲ့ ဘုရားက အာရုံသိသဘောမှာဆိုရင်တဲ့ ကံရုပ် ဥတုရုပ် အာဟာရရုပ်နဲ့ စိတ်တွေ ပေါင်းစပ်တာလို့ပြတယ်။ ကံ စိတ် ဥတု အာဟာရ။ သေချာမှတ်နော်။ အဓိပ္ပါယ်က မျက်လုံးဆိုလည်းပဲ မျက်လုံးက ရိုးရိုးမျက်လုံး မဟုတ်ဘူး အမှန်ကနော်။
❖ ဘဝများစွာက တဖက်သားကို ကြည့်ပြီး မေတ္တာအပြည့်နဲ့ ထပ်တူ ခံစားပြီးတော့ နှလုံးအေးအောင် ပျော်အောင် စိတ်ချမ်းသာအောင် စောင့်ရှောက်မယ်။ တဖက်သား ဘဝ နောင်ရေးကောင်းအောင်၊ ကိုယ့်နောင်ရေးလို့ ထပ်တူထား တဖက်သားဘဝ၊ ကိုယ့်ဘဝထားပြီးတော့ ချစ်တဲ့မေတ္တာနဲ့ကြည့်ပြီးတော့ စောင့်ရှောက်ခဲ့တဲ့ကံ၊ မျက်လုံးကိုက အင်မတန် လှလှ လာတာ။
❖ အဲဒီအရှိန်အဟုန်တွေများတဲ့ ပုဂ္ဂိုလ်ဆိုရင် သန္ဓေမှီလို့ ပုံဖော်တဲ့အခါမှာ အဲဒီဟိတ်ကြောင့် ပဋ္ဌာန်းနည်းပါပြီနော်။ အဲဒီအရှိန်ကြောင့် အမြစ်ပြန်တွယ်တာပဲ။ အမြစ်တွယ်ပြီးတော့ကား မျက်လုံးလှသည်ထိအောင် သူက စောင့်ရှောက်တယ်။ မျက်လုံးလှမှ အဲဒီအရှိန်ရပ်သွားတာ။ မလှမချင်းသူက တည်ဆောက်ပေးနေတာ။ ဟိုဖက်က အရှိန်အတိုင်းပါလာတာ။
❖ တဖက်သားကို မျက်စောင်းထိုး မျက်မှောင်ကျုံ့ပြီး ကြမ်းတမ်းမယ်ဆိုရင် မျက်လုံးကို မဆွေဆွေအောင် ထောက်ပံ့နေတာပဲ။ ဆွေမှရပ်တယ်။ သူ့နိယာမ တရားပဲနော်။ လက်ချောင်းလေးတွေဆိုလည်း ဘုရားအမိန့်ရှိတာ တဖြေးဖြေးနဲ့ ကြီးထွားလာရင်းနဲ့ လက်ချောင်းလေးတွေ တဖြေးဖြေးရှည်ပြီးတော့ မညီညီအောင် ဘုရားကျ ထောက်ပံ့တာ။ ညီမှပဲ ရပ်သွားတော့တယ်။
❖ ဘုန်းဘုန်းတို့ကျ လက်ချောင်းက အတိုအရှည်မှာရပ်နေတယ်။ တကယ်ဆိုရင် ရှည်ပါ့လားနော်။ တွေးကြည့်မှ ဟုတ်လိုက်တာလို့။ ကြီးသည်အထိ ရှည်ပြီး ညီပါ့လား။ မညီပဲနဲ့ ရပ်နေတယ်။ ဘုရားကျတော့ ညီတဲ့အထိ ထောက်ပံ့လိုက်တယ်။
❖ ချစ်သားတဲ့ ဘယ်ကံအရှိန်လဲမေးတော့တဲ့ တဖက်သားကို ကြည့်ပြီး ပေးချင်တာတဲ့။ ပေးရင်လည်း အယုတ် အလတ် အမြတ်မရွေး တကယ်တောင်းလာရင် ဇူဇကာပုဏ္ဏားကြည့်ပါလားနော်။ ပုဏ္ဏားကြီးက မတန်မရာ သူ့ရဲ့နန်းမူနန်းသွေးသမီးနဲ့သားလေးတွေကို ကျွန်လုပ်ဖို့ တောင်းတာ။ အဲဒါကို ဉာဏ်လှည့်နိုင်တယ်နော်။
❖ တဖက်သားဘဝကို ကိုယ့်ဘဝထားပြီး ပုဏ္ဏားနေရာမှာ အပြည့်ခံစားလိုက်တော့ ပေးသင့်တယ်။ ကိုယ့်ဖက်ကကြည့်ရင်တော့ ရိုက်လွတ်ချင်တယ်ပေါ့။ ပုဏ္ဏားနေရာကကြည့်ရင်တော့ ပေးသင့်တာပေါ့နော်။ အဲဒါကို တကယ် ထဲထဲဝင်ဝင် စိတ်ဝင်စားပြီးတော့ ပေးနိုင်တယ်လေ။
❖ အဲဒီအရှိန်အဟုန်တွေက ဖြန့်သောလက် ခေါ်တယ်နော်။ အားကောင်းတော့ကား အဲဒီလို ဘဝများစွာ ရှိသောကြောင့် ဒီအရှိန်အဟုန်က ပါလာတာ။ ဟိတ်ပဲနော်။ သတ္တိအရှိန်အဲဒီလောက် အားကြီးတာ။ သန္ဓေမျိုးစေ့ကပ်လိုက်တော့ အမြစ်တွယ်တဲ့အခါမှာ ထောက်ပံ့လိုက်တာ။ လိုက်ချောင်း မရှည်မချင်း ညီသည့်ထိအောင် ထောက်ပံ့လိုက်တာ။
❖ တူသောအကျိုးပေး ဘုရားဖြစ်ခါနီးဘဝမှာနော် ဘာမှမလုပ်ဘဲ စားရတာ။ ဘုန်းဘုန်းတို့တတွေက လုပ်မှစားရတာ အတိုအရှည် မညီလို့။ ဟိုက ညီတယ်ဆိုတည်းက အင်မတန်ကောင်းတာကိုး။ အဲဒီမှာတင်ကွာနေတာ ဘယ်လိုမှ ငြင်းမရဘူးလေ။
❖ လက်ချောင်းမှာဆိုရင် လက်ညှိုးနဲ့ လက်ခလယ်နှစ်ခုတဲ့ လောကီကျမ်းတွေပေါ့နော်၊ ညီညီလေးလေးဖြစ်ရင် အဲဒီပုဂ္ဂိုလ်က ဘုရင်မင်းဖြစ်နိုင်တာတဲ့ အားကောင်းတာ။ လက်ဝါးလေး နူးညံ့တာပါတယ်။ လက်ခုံတွေ ပြည့်တာ ပါတယ်နော်။ ခြေခုံပြည့်တာပါတယ်။ အသားလည်း ရွှေရောင်ဝင်းတာ ပါတယ်နော်။
❖ ဒါတွေဟာ စိတ်က အမြစ်တွယ်တာနဲ့ဆိုင်တယ်လေ၊ ဟိတ်နဲ့ဆိုင်တယ်။ အင်မတန် သည်းခံပြီး တဖက်သားကြည့်ရင် တဖက်သားလှအောင် ဝအောင်၊ ထပ်တူခံစားတာကိုး။ မပင်ပန်းအောင် စောင့်ရှောက်ပြီးတော့ ပျော်နေတာ။
❖ အဲဒီပျော်တဲ့ ပီတိအရှိန်လေးကတဲ့ စွမ်းအားမှန်းသိနေတာ။ အဲဒါသာလျှင် တကယ်ကောင်းတဲ့လမ်းကြောင်းကို တည်ဆောက်တာမှန်းသိနေတော့၊ အဲဒါကို မပြတ်ပဲ အရသာခံစားနေတာ။ ဒါ ဘုန်းဘုန်းတို့ နမူနာယူရမှာနော်။
❖ ချမ်းသာလမ်းခက်ကို မခက်ဘူးနော်။ ဒါကြောင့် ဘုန်းဘုန်းက ကလေးတွေကို ချမ်းသာလမ်း မခက်ဘူး။ တကယ်ကို မခက်ဘူးလို့ပြောနေတာ။ သူက ရှာတိုင်းတော့ မရဘူးနော်။ ပညာသင်ရင် တတ်မှ ရှာမှရတယ်ထင်တာ မှားနေတယ်။ သင်တော့ သင်ရပါတယ်နော်။ အလှည့်လေးတတ်ဖို့ လိုအပ်တာ။
❖ တချို့ဆို စာမတတ်ဘူး သူဌေးဖြစ်တာ အများကြီးပဲ ချမ်းသာ အများကြီးပဲနော်။ အိုနာစစ် ဘွဲ့မှမရတာ၊ သူဌေးဖြစ်နေတာကြည့်နော်။ အလှည့်လေးပဲ လိုအပ်တာ။ စိတ်ကူးလေးပါပဲ။ စိတ်ကူးတဲ့အခါမှာ တော်တော်များများက ငါလို့ ထင်တဲ့အပြင်၊ ငါ့အတွက်၊ ငါ့စီးပွားအတွက်၊ ငါ့အသိုင်းအဝိုင်းအတွက် ဒီလိုသွားတာကိုး။ ကိုယ့်အတွက်ယူတဲ့ အယူချည်းပဲ။
❖ ကိုယ်လိုချင်တဲ့ပုံစံပဲ ချပြီးတော့ သူများဖက်က တချက်မှ မစဥ်းစားဘူး။ အဲဒါ အယူသမားတွေနော်။ ဒါကြောင့် လောဘခေါ်တယ်နော်။ ဖြစ်ချင်တာများ ဖြစ်တာနည်းလာ၊ အားမရလာ။ တခါ လိုချင်တာက မရတော့ပူတယ်၊ ရတော့ ပိုကြီးချင်တော့ ပူတယ်။ မပြီးနိုင်တော့ဘူးနော်။ အဲဒီတော့ အပူဓါတ်များတော့ ဒေါသဖြစ်လာတော့ အဲဒီဟိတ်က တကိုယ်လုံး ပျံ့နှံ့သွားတာပေါ့။
❖ သစ်ပင်ရေသောက်မြစ်နဲ့ အမြစ်အဖျားဆက်သလို ဟိတ်က ဆက်ပြီနော်။ တွေးတိုင်းတွေးတိုင်း အရှိန်အဟုန်ဟာ အမြဲတမ်းပြောင်းတော့တာပေါ့။ အလိုမကျ အားမရဆိုရင် အပူဓါတ်အရှိန်နဲ့မှောင်ရုပ်တွေပါ အရည်အသွေးကျလာတာ။ ရမယ်နော်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။
