★ ဒီနေ့ ပြိုင်ဆိုင်မှုဖြင့် ဆိုးကျိုးအကြောင်း ပြောပြချင်တယ်။ မပြိုင်ဆိုင်လို့ မဖြစ်တဲ့နေရာ၊ ဥပမာ ဟိုဖက်ဒီဖက် အားကစား ပြိုင်ဆိုင်ကြတာ၊ နောက်ပြီးတော့ အစိုးရကနေပြီးတော့ project တွေရှိတဲ့အခါမှာ ကုမ္ပဏီတွေလာပြီးတော့ လေလံဆွဲခိုင်းတယ်၊ ပြိုင်ခိုင်းတယ်ပေါ့။ အဲဒီဟာတွေက ပွင့်လင်းမြင်သာမှုရှိအောင် ပြိုင်ခိုင်းတာ။ ပြိုင်ဆိုင်မှုကို မရှိမဖြစ် အသုံးပြုတယ်။
★ ဒါပေမဲ့ ပြိုင်ဆိုင်မှု မပါဘဲနဲ့ ဖြစ်နိုင်တဲ့နေရာတွေ အများကြီးရှိတယ်။ အမှန်ကတော့ ပြိုင်ဆိုင်မှု မလိုအပ်တဲ့နေရာတွေ အများကြီးရှိတယ်။ အဲဒီနေရာတွေမှာ ပြိုင်ဆိုင်မှုကို သွားအသုံးပြုမိရင် လူတွေရဲ့စိတ်ဓါတ် လူတွေရဲ့ mindset က ပျက်သွားပြီးတော့၊ တစ်ယောက်နဲ့တစ်ယောက် မနာလိုဝန်တိုတဲ့စိတ် ဖြစ်လိုဖျက်စီးဖြစ်တဲ့စိတ်၊ မကောင်းပြောတဲ့စိတ် negative talk အဲဒါမျိုးတွေ ပေါ်လာပြီးတော့ ကိုယ်နေတဲ့ လူ့အသိုင်းအဝိုင်းကိုပဲ ပြန်ပြီးတော့ ဆွဲချတဲ့အထဲမှာ ပါတယ်။
★ အထူးသဖြင့် စာသင်ခန်းထဲတွေမှာ လူတိုင်းနီးနီး လူတိုင်းလူတိုင်းက စာသင်ခန်းကို ကျောင်းသား/သူ အနေနဲ့ ဖြတ်ကျော်ခဲ့ရတာကိုး။ ၁၉၆၀ ကျော်တုန်းက အိန္ဒိယနိုင်ငံရဲ့ ပညာရေးကို အဲဒီအချိန်တုန်းက သူတို့က တခါပြုပြင်တယ်၊ နောက်ပိုင်းမှာ အကြိမ်အကြိမ်ပြုပြင်ပြောင်းလဲပါတယ်။
★ ၁၉၆၀ကျော်တုန်းက ပြုပြင်ပြောင်းလဲမှုကို ခေါင်းဆောင်တဲ့ Dr.Kothari ပြုပြင်ပြောင်းလဲမှု အစီရင်ခံစာထဲမှာ သူရေးထားတဲ့ ဝါကျလေးတစ်ခုက ကမ္ဘာကျော်သွားတယ်။ အဲဒါတော့ ဘာတုန်းဆိုတော့ - the destiny of India is being shaped in her classrooms, throughout the land.
★ အိန္ဒိယနိုင်ငံရဲ့ကံကြမ္မာကို သူ့ရဲ့စာသင်ခန်းတွေထဲမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ စာသင်ခန်းတွေထဲမှာ ပုံပေါ်နေတယ်၊ ကံကြမ္မာကို ပုံဖော်တာ။ ကလေးကတည်းက အဲဒီ mindset ကို ပြောတာပေါ့။ ကလေးတွေကို ဘယ်လိုစိတ်ထားသွင်းတုံး။ ပူပေါင်းစေတဲ့ စိတ်ထားလား၊ ဒါမှဟုတ် တကိုယ်ကောင်းဆန်ပြီးတော့ ပြိုင်ဆိုင်တဲ့စိတ်ထားလား။ အဲဒီဟာတွေ သတိထားမိဖို့ အရေးကြီးတယ်။
★ တခြားနေရာမပြောနဲ့ စာသင်တိုက်၊ မြတ်စွာဘုရားရဲ့တရားတော်ကို လေ့လာသင်ကြားကျက်မှတ်နေတာ၊ ဗုဒ္ဓမြတ်စွာဘုရားက ငါ ဗဟိုပြုတဲ့အတွေး၊ အဲဒါကို ဒိဋ္ဌိ။ အဲဒီဟာက အပါယ်ဆွဲချမယ့် စိတ်ပဲ။ ငါ ဗဟိုပြုတာ။ ငါ ဗဟိုပြုမှတော့ ငါ မဟုတ်တဲ့နေရာလည်းပဲ ငါဆိုပြီးတော့ သွားပြီးတော့ မြင်တော့တာ။
★ တကယ်ရှိတဲ့အရာကတစ်ခု၊ တကယ်ရှိတဲ့အရာထဲမှာ တကယ်ရှိတဲ့ငါကို သွားပြီးတော့ မြင်တယ်၊ သွားပြီးတော့ ဖန်တီးတယ်၊ သွားပြီးတော့ စိတ်ကူးတယ်။ အဲဒီအစွဲက အဲဒီအယူက မနည်းကို ဖျက်ယူရတယ်။ အဲဒီအယူကို ဖျက်နိုင်တဲ့ပုဂ္ဂိုလ်ကို သောတာပန်လို့ခေါ်တယ်။
★ အဲဒီတော့ ဗုဒ္ဓမြတ်စွာဘုရားက ငါ ငါ ဆိုပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုလွန်းတဲ့ အကျင့်၊ အဲဒီအကျင့်မကောင်းဘူးဆိုတာလည်းပဲ၊ မိန့်မှာတော်မူတယ်။ နောက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် နှိုင်းယှဥ်တဲ့အရာ မာနဆိုတာ၊ အဲဒီနှိုင်းယှဥ်တဲ့အရာဆိုတာလည်း မကောင်းဘူး။
★ အင်မတန်မှဆိုးရွားတဲ့ ကိလေသာဖြစ်တယ်။ အဲဒီနှိုင်းယှဥ်တာကနေ လောဘတွေဖြစ်လာတာ။ အဲဒီအကြောင်းကိုလည်းသုတ္တန်ထဲမှာရယ်၊ အဘိဓမ္မာထဲမှာရယ် အတိအလင်း မိန့်ဆိုတော်မူထားတာ။ ဒါပေမဲ့ ဒီစာကိုလေ့ကျင့်တဲ့ ဘုန်းဘုန်းတို့လို ငယ်ငယ်ကတည်းက ကိုရင်ဝတ်ပြီးတော့ ပိဋကတ်ကျမ်းစာတွေလေ့လာခဲ့တယ်။
★ ဒါပေမဲ့ စာသင်တိုက် ပတ်ဝန်းကျင်က ပြိုင်ခိုင်းတာပဲ။ အပတ်စဥ် စာမေးပွဲ ဖြေပြီဆိုရင် အောင်စာရင်းတွေထုတ်တဲ့အခါမှာ ဘယ်သူက တစ်ရတယ်၊ ဘယ်သူကနှစ်ရတယ်၊ ဘယ်သူက သုံးရတယ်။ အဲဒီလို တစ်ပတ်လုံး ကပ်ထားတာ။ အဲဒီဟာကို သွားကြည့်ရင် ပြိုင်ဆိုင်တဲ့စိတ် ချက်ချင်းဝင်သွားတာ။
★ ပြိုင်ဆိုင်ချင်ပြီးတော့ တချို့လည်း စိတ်ဓါတ်ကျတယ် ပြိုင်ဆိုင်တဲ့စိတ်နဲ့။ တချို့ကျတော့ ပြိုင်ဆိုင်တဲ့စိတ်နဲ့ ပိုပြီးတော့ ကြိုးစားချင်တယ်။ ပြိုင်ဆိုင်တဲ့စိတ်နဲ့ ပိုကြိုးစားချင်တာကို ကြည့်ပြီးတော့ ပြိုင်ဆိုင်မှုကို အကောင်းလို့ သွားမြင်တတ်ကြတယ်။ အမှန်ကတော့ ပြိုင်ဆိုင်မှုက မကောင်းပါဘူး။
★ ပြိုင်ဆိုင်ပြီဆိုရင် ပြိုင်ဆိုင်တဲ့ ကိုရင်နှစ်ပါး ဒါ မိတ်ဆွေ မဖြစ်နိုင်တော့ဘူး။ အတူတူလည်း အလုပ်မလုပ်ချင်တော့ဘူး။ ပူပေါင်းဆောင်ရွက်တာ မလုပ်တော့ဘူး။ သူတို့တွေ စာတတ်ပေတတ်တွေဖြစ်လာတယ်ဆိုရင် ကြီးလာတဲ့အခါမှာ ဆရာတော်ကြီးနှစ်ပါးဖြစ်လာမယ်။ အဲဒီ ဆရာတော်ကြီးနှစ်ပါးက ပူပေါင်းဆောင်ရွက်ဖို့ သိပ်ပြီးတော့ ရှိမှာ မဟုတ်ဘူး။
★ မတူတာတွေကြည့်ပြီးတော့ မပူပေါင်းနိုင်တဲ့အကြောင်းတွေပဲ သူတို့က တွေးတယ်။ ပူပေါင်းနိုင်တဲ့အကြောင်းတွေ မတွေးဘူး။ အဲဒီလိုလုပ်တယ်ဆိုရင် ဗုဒ္ဓသာသနာရဲ့အန္တရာယ်က ပြိုင်ဆိုင်တာကနေပြီးတော့ ပြိုင်ဆိုင်တဲ့ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ အဲဒီပုဂ္ဂိုလ်တွေမှာ ရှိနေတာပေါ့ အန္တရာယ်။
★ ပူပေါင်းမဆောင်ရွက် ကိုယ့်ဟာနဲ့ကိုယ်လုပ်တယ်၊ ကိုယ့်ဟာနဲ့ကိုယ် လုပ်တော့ duplicate ဖြစ်တယ်ဆိုတာက ထပ်တယ်ပေါ့။ လုပ်တဲ့အလုပ်တွေ ထပ်တယ်ပေါ့။ ပေါင်းရမယ့်ဟာတွေ မပေါင်းနိုင်ဘူး။ ပူပေါင်းဆောင်ရွက်ရမယ့်ဟာတွေ မပူပေါင်းနိုင်ဘူး။ ပူပေါင်းမယ်ဆိုရင် ငါ ဆိုတဲ့ နာမည်၊ ငါဆိုတဲ့ ဆိုင်းပုဒ် ပျောက်သွားမှာ စိုးရိမ်တယ်။
★ အဲဒါကြောင့် စာသင်တိုက်ထဲမှာတောင်မှ ပြိုင်ဆိုင်မှု အဲဒီလိုဖြစ်တယ်ဆိုရင် ကြီးလာတဲ့အခါမှာ သူတို့ စာချဖြစ်တဲ့အခါမှာ ဆက်ပြိုင်မှာပဲ၊ လူကြီးဖြစ်လာတဲ့အခါလည်း ဆက်ပြိုင်မှာပဲ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်
ပါမောက္ခ ဒေါက်တာအရှင်ဓမ္မသာမိ
🙏🙏🙏
(၂၈.၈.၂၀၂၆) ဝါခေါင်လပြည့်နေ့ မေတ္တာ အခါတော်နေ့ ဓမ္မလက်ဆောင် အဖြစ် ဟောကြားတော်မူခဲ့သော တရားတော် မှ စာစီပူဇော်ပါသည်။
