logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ပုထုဇဥ်နဲ့အရိယာ ကွာခြားချက်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
9/5/2026
ပုထုဇဥ်နဲ့အရိယာ ကွာခြားချက်

❖ ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရမယ်၊ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်။ အဲဒီတော့ ပါးရိုက်တဲ့ပုံလေး ပေါ်တိုင်းပေါ်တိုင်းမှာ ဆက်တွေးတာ အဖြေထုတ်တာပဲလေ။ အဖြေထုတ်တော့ ဟိုတုန်းကတော့ မတရားဘူး၊ မဖြစ်သင့်ဘူးဆိုပြီး ဒေါသဖြစ်၊ အရမ်းလောင်တာ။ သူ့မသတ်ရတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုပြီးတော့ အဲဒီလောက်ထိဆိုးခဲ့တာကိုး။ 

❖ အခုတော့ မဟုတ်ဘူး၊ ပါးရိုက်တဲ့ပုံပေါ်တော့မှ ကံရိုက်ကံခိုးနားလည်သွားပြီတဲ့။ ပြုတဲ့အတိုင်းပြန်လာတာပဲ၊ တူသောအကျိုးပေး သိသွားသောကြောင့် မတရားတာမှမဟုတ်တာလို့ နားလည်သွားတယ်။ ရိုက်ပေးတဲ့ပုဂ္ဂိုလ်က ကြွေးဆပ်ပေးတာ ဖြစ်သောကြောင့် ရှေ့ဆက်ခံရမှာ သိသောကြောင့် သနားပြီးတော့ ခွင့်လွှတ်နိုင်တယ်။ 

❖ ပြီးတော့မှတခါ တွေးတဲ့အတွေးအားလုံးကလည်း အသစ်ပဲ ဖွဲ့ရင်းပျောက်တာ နားလည်သွားတော့ ပြီးတာပြီးသွားပြီဆိုတော့ ငြိမ်းမသွားဘူးလား။ အဲဒီတော့မှ ဘုရားက ပြန်ခွင့်ပေးလိုက်တယ်တဲ့။ အဲဒီမှာ ပုထုဇဥ်နဲ့ အရိယာ ဘာကွာလဲဆိုတဲ့ မေးခွန်းပေါ်လာပြီနော်။ အင်မတန်စဥ်းစားရခက်တဲ့နေရာလေး။ 

❖ ပရမတ္ထသစ္စာက စကားမပြောဘူး၊ သတ္တဝါမရှိတာ အမှန်။ ဒီဘက်ကျ စကားပြောရတယ်။ သတ္တဝါဖြစ်တယ်။ ဘယ်လိုကွာတာလဲ မေးရတာပေါ့နော်။ တော်တော် အဖြေရှာရခက်ခဲ့ဖူးတယ်။ တရားအားထုတ်ပြီးတော့ ဒါလေးကို ထိုင်ပြီးစဥ်းစားတယ် ဘယ်လိုလုပ်ရမလဲ။ ပြောရအုန်းမယ်၊ မပြောလည်း မပြောချင်ဘူး။ 

❖ သဘာဝတရားက ဘာမှမတောင်းဆိုဘူးလေ၊ ပြောလည်းပြောရမယ်ဆိုတော့ အတော်ခက်နေတာ။ ဘယ်လိုစိတ်ထားရမယ်ဆိုတာ တွေးလို့ကို မရတာ။ ဆရာတော်တစ်ပါးရေးသားတာကို ဖတ်လိုက်ရမှ အဖြေပေါ်သွားတာ။ ဘုရားရှင်က ဇာတ်တော်တွေ ဟောတယ်လေ။ စဥ်းစားနော်။ ပြီးခဲ့တဲ့အတိတ်ကိုကြည့် ဟောတာပဲ။ ဇာတ်တော်တွေ အများကြီး မဟောဘူးလား။ အတိတ်ကံအကြောင်း မဟောဘူးလား။ ဟောခဲ့တာ။ 

❖ ဘယ်လိုစိတ်နဲ့ဟောခဲ့လဲဆိုတာ ဘုန်းဘုန်းက စဥ်းစာလို့မရတော့ ဆရာတော်ကြီးတစ်ပါး ရေးထားတယ်။ မွေးစားအဖေ အဖေခေါ်သလိုပဲ ဆိုတော့မှ ဘာလဲပေါ့ဆိုပြီး သေချာဖတ်တော့မှ ဒကာတစ်ယောက်ကတဲ့ သားမရှိတော့ သားလေးမွေးချင်တော့ မျက်လုံးမပွင့်တဲ့ကလေးလေး မွေးခါစလေးကို သူက မွေးတာတဲ့။ 

❖ မိဘအရင်းကို ပေးသင့်တာပေးပြီး သူက တောင်းပန်ထားတယ်၊ ကျနော့်ဆီကို မလာပါနဲ့‌ဗျာတဲ့၊ တသက်လုံးအဖေအရင်းထင်အောင် လို့ပါပြောတော့ မလာကြဘူး။ အသက် ၂၀လောက်အထိ ကလေး အဖေခေါ်တိုင်းခေါ်တိုင်း ရင်ထဲက အသိအမှတ်ပြုတာပေါ့နော်။ 

❖ မွေးစားအဖေမရှိတုန်းကို တစိမ်းတွေက မိဘအရင်းခေါ်လာတယ်၊ သက်သေတွေပြလိုက်တော့ သဘောပေါက်သွားပြီ။ အိမ်မှာရှိတာက မွေးစားအဖေလို့ သိမသွားဘူးလား။ ဒီမှာနေခဲ့ရတော့ နောက်နေ့ကျတော့လည်း အဖေပဲခေါ်တာပဲ။ အသံတူတယ် အသိတူသေးလား။ (မတူတော့ပါဘူး ဘုရား)။ အဲဒီဥပမာလိုပဲ ပုထုဇဥ်နဲ့ အရိယာ ခြားနက်ချက်ပဲ။ 

❖ မနက်ဖြန်အကြောင်းပြောတယ်၊ သဘက်ခါအကြောင်းပြောတယ်၊ ပြောရင်းနဲ့ ဘဝကို နားလည်နေတာလေ။ အကြောတွေတင်းပြီးပူလာလို့ရှိရင် လက်မခံတော့ဘူး ဖြတ်ပစ်လိုက်တော့တာပဲ။ အပါယ်ဇာတိဖြစ်တာ လက်မခံတော့ဘူးလေ။ သိနေတာကြီးကို။ ပူလောင်အောင်ဖြစ်လာပြီဆိုရင် သူက ဉာဏ်က လက်မခံတော့ဘူး။ 

❖ အတိုက်အခိုက်ပေါ်လာတာနဲ့ ပူလာရင် ကံအကျိုးပေးနားလည်ပြီး ခွင့်လွှတ်လိုက်ကြတယ်။ တရားရှုလိုက်တယ်။ ဒီထဲကိုပြေးဝင်သွားတော့ လွတ်အောင်နေတာ။ ပြောတော့ပြောတာပဲ၊ သို့သော် အဆုံးတိုင်အောင် အပါယ်ကျလောက်အောင်ထိ ဆုပ်မထားဘူး။ လွှတ်တတ်တယ်။ နားလည်ယ်နော်။ 

❖ တွေးတော့တွေးတယ်၊ မေတ္တာနဲ့ယှဥ်တွေးနေတယ် ပူစရာအရမ်းပေါ်လာပြီဆိုရင် auto safeguard လို ဖြတ်လိုက်တာ၊ ဉာဏ်က လက်မခံဘူးဗျာ၊ အဲဒါ ခြားနားချက်ပဲ။ တကယ်မဟုတ်မှန်းသိနေတယ်၊ အသိအမှတ်မပြုတော့ဘူးနော်။ ပြောတော့ပြောတယ်၊ ပြောရင်းနဲ့ပူလာပြီဆိုရင် နဂိုတည်းက မဟုတ်မှန်းသိပြီးသားပုဂ္ဂိုလ်ဆိုတော့ လွှတ်တတ်တယ်၊ လွှတ်လို့ရတာပေါ့။ 

❖ လွှတ်လိုက်လို့ လွတ်တဲ့လမ်းကြောင်းဝင်သွားပြီဆိုရင် ငြိမ်းမသွားဘူးလား။ ဘဝပြန်ပြောင်းလို့ရတာပေါ့။ ပုထုဇဥ်က ဆုပ်ကိုင်ထားတာ၊ မကျေမနပ်ကြီး။ သေတာ‌တောင် နောက်ဘဝဆက်တုန်းပဲ သွားရော။ မရတော့ဘူး။ နားလည်တယ်နော်။ ဒီမှာကမဟုတ်ဘူး ဘဝပြောင်းတော့မယ်ဆိုတည်းက လက်မခံတော့ဘူး၊ ဉာဏ်က ဖယ်လိုက်ပြီ။ ဟုတ်မှမဟုတ်တာပဲဆို ပြတ်သွားပြီ။ 

❖ အပိုတွေပဲ မဟုတ်တာ အဟုတ်လုပ်တာ ပင်ပန်းလိုက်တာဆို ဉာဏ်ကဝင်သွားရင် ပြတ်ထွက်သွားတော့ တွေးစရာလိုသေးလား၊ ရှင်းရှင်းလေး ကိုယ့်အလုပ်ကို လုပ်တော့တာပဲ။ လမ်းကြောင်းမပြောင်းတော့ဘူး။ အပါယ်ကျအောင်မသွားတော့ဘူး။ အဲဒါ ခြားနားချက်ပဲ။ 

❖ ပုထု ဆိုတာ များစွာသောကိလေသာ အမြင်မှား အဖြေမှားတွေပြောတာနော်၊ ဇနေတိ ဖြစ်ပွားနေသောကြောင့် ဆိုတာ အဖြေမှားနဲ့ အမြဲတမ်းနေတဲ့ပုဂ္ဂိုလ်ကို ပုထုဇဥ်ခေါ်တာ။ ပြဿနာပေါ်ရင် မပြီးနိုင်ကြဘူး။ ရှေ့လည်းပူ၊ နောက်လည်းပူနဲ့ ကြမ်းတမ်းပြီး မဖြတ်တတ်ဘူးဆိုရင်တော့ အခြေအနေမကောင်းဘူး။ 

❖ လူ့ဘဝရပြီး သာသနာကြုံပြီး လူဖြစ်ကျိုးမနပ်ဘူးလေ။ အခုတော့ သိသွားပြီ။ တဏှာပြတ်တဲ့ နိဗ္ဗာနဓါတ်ကို သဘောပေါက်သွားပြီ။ မဂ်ဉာဏ်လည်း သဘောပေါက်သွားပြီနော်။ ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရမယ်၊ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်။ 

❖ ပြဿနာအားလုံးမှာ ဖြေရှင်းမရတာ သေခြင်းတရားပဲ နောက်ဆုံးရှိတာလေ။ သေခြင်းတရားကျ ဘယ်လိုမှလုပ်လို့မရဘူး။ အဲဒါကျ ဒီတရားနဲ့ပဲ သွားရမှာပေါ့။ အဲဒီမှာလည်း ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ရမှာ။ တချို့က မသေချင်ဘူးဆိုတာ ခွင့်မလွှတ်တာ ခေါ်တာ။ ဖြစ်ရကောင်းလား မသေချင်ဘူးဆိုတာ ကိုယ့်ဟာကိုယ် ရန်ဖြစ်တာလေ။ 

❖ ခွင့်လွှတ်ပလိုက်တော့ ပြုတဲ့ကံအတိုင်းဖြစ်တာ။ သေချင်တာ သေမှာပဲလို့ မာန်လျော့လိုက်ရင် မအေးချမ်းဘူးလား။ အေးအေးဆေးဆေးပေါ့။ အဲဒီတော့ ဝယဓမ္မာသွားတော့၊ အသစ်အသစ်ပေါ်သမျှအားလုံးဟာ အဆုံးသတ်ဖြစ်သောကြောင့် အဟောင်းပြန်ပေါ်တာ ရှိသေးလား။ မရှိပါဘူး။ ချုပ်ငြိမ်းတာ နှလုံးသွင်းပြီး လွတ်အောင်နေသွားမှာပေါ့။ အေးအေးချမ်းချမ်းပဲ။ 

❖ သေသည်အထိ အကျိုးပေးတဲ့ တရားဖြစ်နေတာကိုး။ မကောင်းဘူးလား။ ရမယ်နော်။ နောက်တစ်ခု ပြောပြီးနားမယ်နော်။ နောက်တစ်ခုက ကာလသုံးပါးလွတ်တယ်ဆိုတဲ့ စကားလေးက ပိုနက်ရှိုင်းတယ်။ နာပြီးသားတရား ထပ်နာကြနော်။ ဒါ သန္တတိ အမတ်ကြီးအကြောင်းပါပဲ။ 

❖ အတွေးအားလုံးသည် ကိုယ့်ရဲ့အနာဂတ်မျိုးစေ့ဖြစ်ပါသည်။ ကြိုးပန်းကုံးက လိုရင်းလေး ပြောတာနော်။ အိမ်ပြန်သွားတော့ ခုနစကားဆက်၊ သခင်မဆီးဆဲတဲ့အကြောင်း ကြားဖူးတယ်နော်။ အဖေကြီးက ကြားတော့မှ ခွင့်လွှတ်တဲ့အသံကြားတော့မှ ဘုရားပင့်ခိုင်းလို့ တရားနာကြလို့ သောတာပန်ဖြစ်တဲ့အကြောင်း ထားခဲ့တော့။ လိုရင်းလေး ထပ်သွားရအောင်။ 

ဆက်လက်ဖော်ပြပါမယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ဒုတိယအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။