❖ ပညာ ဆိုတဲ့စကား၊ အဝိဇ္ဇာ၊ မောဟ စကားမှာ ပုထုဇဥ်က တရားနာလို့ သိတဲ့ အဝိဇ္ဇာနဲ့၊ သောတာပန်သိတဲ့ အဝိဇ္ဇာ တူပါ့မလား။ မတူတော့ဘူး၊ ကွာသွားပြီနော်။ ပညာလည်း မတူဘူးနော်။
❖ သောတာပန်သိတဲ့ ပညာ၊ အဝိဇ္ဇာနဲ့ သဂဒါဂမ် သိတာနဲ့ တူပါ့မလား။ မတူဘူး၊ ပိုနက်သွားပြီ။ ဒီစကားပဲနော်။ တခါ သဂဒါဂမ် သိတဲ့ အဝိဇ္ဇာ ပညာနဲ့ အနာဂါမ် သိတာနဲ့ တူပါ့မလား။ ကွာသွားပြီ။ ရဟန္တာသိတဲ့ အဝိဇ္ဇာ ပညာနဲ့ အနာဂါမ်နဲ့တူလား။ (မတူပါဘူး ဘုရား)။
❖ တခါ ပစ္စေကဗုဒ္ဓါ သိတဲ့ အဝိဇ္ဇာ ပညာနဲ့ ရဟန္တာနဲ့ တူပါ့မလား။ ဘုရားသိတဲ့ အဝိဇ္ဇာ ပညာနဲ့ ပစ္စကဗုဒ္ဓါ နဲ့ ကွာသွားပြန်ပြီ။ ပညာနှုတ်ခမ်း မသတ်ရဘူးနော်။ တိုးတိုးကျင့်ရတယ် တိုးတိုးနာရတယ်။ နာလေ တတ်လေပဲ၊ စာလည်းဖတ်ရတယ်။ ဘုရားစာတွေ ဖတ်ကြည့်ဖတ်လေ ပိုတိုးလေပဲ။
❖ တရားကို လေးစားသောအားဖြင့်ဆိုတဲ့ စကားလေးက ဟိုတုန်းက ဖတ်ထူးတာလေ၊ တရားကို လေးစားရမယ်ဆိုတာ ဖတ်ဖူးတာပဲ။ ဒါပေမဲ့လို့ စာအုပ်တွေပဲ မှတ်တာပေါ့။ စာတွေ တရားစာတွေပဲ မှတ်တာ။ မဟုတ်ဘူး ကိုယ့်သန္တာကို ပြောတာ။ ကိုယ့်သန္တာန်မှာ တွေးသမျှက ဒီထဲဝင်သွားသောကြောင့် ဓရ ဆိုတာ ဆောင်ခြင်းလေ တန်ဖိုးထားသောအားဖြင့် ရှင်းရှင်းလေးဝင်အောင် သန့်သန့်လေးဝင်အောင် ကြိုးစားပြီး စောင့်ရှောက်ရတာ။
❖ တရားနာလည်း လေးလေးစားစားနာရတယ်။ အလုပ်လုပ်ရင်း မနာရဘူး။ တချို့က ထမင်းချက်ရင်း ချက်ရင်း တရားနာတယ်၊ မရဘူး။ မရနိုင်ဘူး။ ဘုန်းဘုန်းတို့ ဟောတဲ့တရားစဥ်ဆို ပိုတောင် ဆိုးသေးတယ်။ တချို့က အလုပ်လုပ်ရင်း တရားနာတယ် မဖြစ်နိုင်ဘူး၊ ရကိုမရတာ။ တရားနာလို့ရှိရင် တစ်ယောက်တည်း အေးအေးဆေးဆေး စိတ်ဝင်စားပြီး နာမှ ရမှာ။ သတိထားနော်။
❖ ဘာလို့တုန်းဆိုတော့ ရှုပ်မှာပေါ့၊ မျက်စိက ခွေဖမ်းသလိုလေ၊ အလုပ်လုပ်ရင်း ပန်းကန်ဆေးလိုက် ပန်းကန်ပုံတွေပေါ်လိုက်၊ ကိလေသာပေါ်လိုက်၊ တရားပြန်သွင်းလိုက်ဆို ရှုပ်မနေဘူးလား။ ဘယ်ရမလဲ ပြန်ဖွင့်ကြည့်ရင် ရှုပ်နေတာပဲ။ အသံဖမ်းတဲ့အထဲမှာ ခွေးသံ ကလေးသံ ရောသလိုပေါ့။ တရားနာလို့ကို မကောင်းတော့ဘူးမို့လား။ အဲဒီအတိုင်းပဲကြည်ကြည်လင်လင် ထွက်မလာဘူး။
❖ ဒါကြောင့် တရားနာလို့ရှိရင် ရှင်းရှင်းလေး တစ်ယောက်တည်းပေါ့နော် အေးဆေးကြိတ်ပြီးနာရတယ်။ တရားလေးစားရတယ် ဒါကိုပြောတာ။ ကိုယ့်သန္တာန်ထဲ ဝင်တာပြောတာ။ ဒီထဲကို သွင်းတာကို တရား၊ ဆောင်တာ တရားခေါ်တယ်။ တရားနာလို့ရှိရင် ဘယ်တရားနာနာ ပန်းကန်ဆေးရင်း မနာနဲ့၊ အဝတ်လျှော်ရင်းမနာနဲ့။ တစ်ယောက်တည်း အေးအေးဆေးဆေးငြိမ်းပြီး ကြိုးစားနာရတယ်။ အချိန်ပေးရဲရမယ်။
❖ တချို့ကဂျီးများတယ် သဒ္ဓါတရားနည်းတော့နော်၊ အချိန်မအားဘူးဘုရား။ မအားဘူးဘုရားနဲ့ ပြောကြတယ်။ မအားတာ ဘာအတွက်မအားလဲဆိုတော့ ဒီဘက်က အဝိဇ္ဇာအုပ်စု၊ ခန္ဓာ့ဝန်နဲ့ ထမ်းစရာ တာဝန်ဖြစ်နေတာ။ သံသရာလည်ဖို့အတွက် မအားတာ။ သံသရာပြတ်တဲ့ဘက်ကို အားပေးရမယ်။ အဲဒါကို မစွန့်ရဲတာ။ အမှန်းက အား ပေးရမယ်။ တနေကုန် အားပြီး နာကိုနာရမယ်။ ဒီတော့မှသာလျှင် တိုးတက်မှုရှိမှာပေါ့။ မပေါ့ရဘူးနော်။
❖ အဲဒီတော့ တရားကို လေးစားရမယ်ဆိုတာ သဘောပေါက်လား။ တရားရှုမှတ်လည်း ဒီလိုပဲ သိပြီဆိုရင် ကြိုးစားပွားရမယ်လေ။ သဘောတရားသိပြီဆိုရင် အကြိမ်ကြိမ်ပွားတော့။ ပွားမှ ထပ်ခါထပ်ခါ စွဲမှာပေါ့။ ပုစ္ဆာတစ်ပုဒ် အဖြေထုတ်တာ သိပြီဆိုရင် ခဏခဏ တွက်ပေးရင် ပိုတိုးတက်မလာဘူးလား။ အဲဒီအတိုင်းပဲ။ အခု သဘောပေါက်ပြီနော်။
❖ မျက်စိမှိတ်ထားပြီး ရှူဆဲအချိန်မှာပဲ ကိုယ်မှာပေါ်ရင်၊ အရှုခံ အာရုံဒွါရတိုက်လို့ ခန္ဓာငါးပါးပေါ်ရင် ဝိပါက အကျိုးတရားနော်။ အကောင်းအဆိုး လာမှာပဲနော်။ နောက်ဆုံး သေခါနီးဆိုရင် အကုသိုလ်အကျိုးပေးချိန်ခေါ်တယ်။ ခေါင်းတွေမူးလာမယ်၊ ဖျားနာမယ်၊ ပူလောင်လာမယ်နော်။
❖ ပူတာ အေးတာကတော့ ဓါတ်ပဲ ပြဿနာမရှိဘူး။ နောက်က မပြတ်ကပ်ပါနေတဲ့ ကာလမခြားပေါ်တဲ့ အမူအရာအရေးကြီးတာ။ ပူတာနဲ့အတူ အမူအရာပေါ်မနေဘူးလား။ အဲဒါကို ငါ ထင်ရင် မှားပြီ။ အဲဒါကို ငါမထင်ဖို့၊ အဲဒါကိုပဲ ရှုရမှာ။ အဲဒါငါထင်ပြီးတော့ ငါ ကိုယ်ထဲက ပူတာ၊ ငါတိုက်မယ်ဆိုရင် မရဘူး လွဲနေပြီ။
❖ ပူတဲ့အခါမှာ ရှူဆဲထုတ်ဆဲ ပူလိုက်ပူလိုက် ဖြစ်တဲ့အမူအရာကိုကြည့်တဲ့အခါမှာ နောက်က အမူအရာအရိပ် ပါးပါးလေးပေါ်ပြီနော်၊ ပေါ်တာကို နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ။ တဏှာရယ်၊ မာနရယ်၊ ဒိဋ္ဌိရယ် သတ်ပြီ။ အသက်လိပ်ပြာ မဟုတ်ကြောင်း တံလျှပ်အငွေ့လို ဆုံးဖြတ် ဆုံးဖြတ် ပြီးတော့ ဘာမှ တောင်းဆိုချက် မရှိဘူး။
❖ အဲဒီအတိုင်း ဆုံးဖြတ်တာများလို့အားကောင်းလာရင် အလင်းဓါတ် များမလာဘူးလား။ များရင် ရှင်းရှင်းလာတာ။ မရှုပ်တော့ဘူး။ အဲဒီလို အားကောင်းလာတဲ့အခါကျရင် ကိလေသဝဋ်လာသေးလား။ မလာဘူး။ အမြင်မှန် အစားထိုးပြီကိုး။ ဒါဖြင့် ကံရောသွားပါ့မလား။ မသွားရင် ဝဋ်က ပြတ်တယ်ခေါ်တယ်။
❖ ဝိပါကနောက်မှာ ဉာဏ်က ကပ်လိုက်တော့ ကိလေသာမကူးရင် ဉာဏ်ကထွက်ပြီ။ တဏှာအစပ် ပြတ်တယ်ပေါ့။ အဲဒီအတိုင်းသွားရမှာနော်။ ကြိမ်ဖန်များစွာ ကျင့်ဖို့ပဲ လိုအပ်တယ်။ လမ်းကတော့ တည့်နေပြီ။ ဒါကြောင့်မို့လို့ ကိလေသာအားလုံးကို သတ်သောကြောင့်လည်း မဂ်လို့သုံးတာ ဒါကိုပြောတာလေ။ အမြင်မှန်က အမြင်မှားလုံးဝမလာအောင် ဖယ်ထားနိုင်တာ။ ရပြီနော်။
❖ ဒါကြောင့်မို့ ရှုတဲ့ဉာဏ်ကို ဘုရားက မဂ်ဉာဏ်လို့ အဖြေပေးလိုက်တာ။ ဝဋ်ကထွက်တာကိုး။ ထွက်လမ်းကို မဂ်ဉာဏ်လို့ခေါ်တာ။ ထွက်လမ်းကို မဂ်၊ ဉာဏ်ထည့်တော့ မဂ်ဉာဏ်။ ပါးစပ်ပေါက်လည်း မဂ်ပေါက်၊ နားပေါက်လည်း မဂ်ပေါက် ခေါ်တယ်မို့လား။
❖ အဲဒီတော့ ထွက်လမ်းမှန်ရင် မဂ်သုံးတာ။ ဒီတော့ ဝဋ်သုံးပါးမှ ထွက်တာဖြစ်သောကြောင့် မဂ်ဉာဏ်လို့ဆိုပြန်တယ်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။
