logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ဉာဏ်ကောင်းတယ်ချီးမွမ်းတာနဲ့ ကြိုးစားမှုကိုချီးမွမ်းတာ mindset ဘယ်လိုကွာခြားသွားလဲ

အောက်စဖို့ဒ်ဆရာတော် ဒေါက်တာဓမ္မသာမိ
8/19/2026
ဉာဏ်ကောင်းတယ်ချီးမွမ်းတာနဲ့ ကြိုးစားမှုကိုချီးမွမ်းတာ mindset ဘယ်လိုကွာခြားသွားလဲ

★ နောက်တစ်ခု ကြည့်မယ့် ဗီဒီယိုလေးကတော့ Praise ဆိုတာ ဒီဟာလေးကတော့ ဘာပြောတာတုန်းဆို ကလေးတွေကို သုတေသန လုပ်ကြည့်တယ်တဲ့၊ ခက်တဲ့မေးခွန်း နဲ့ လွယ်တဲ့မေးခွန်းတွဲထားတဲ့အခါကျတော့ တချို့ကလေးတွေက ဘာဖြစ်လို့ လွယ်တဲ့မေးခွန်းပဲအကုန်ရွေးပြီးတော့ ခက်တဲ့မေးခွန်းတွေ ကြောက်ပြီး မရွေးတာတုံး။ အဲဒါ သိချင်တာ။

★ တချို့ကလေးတွေကျတော့ ခက်တဲ့မေးခွန်းကျမှ ပိုပြီးတော့ ကြိုက်တာတဲ့။ အဲဒီမေးခွန်းတွေကို ပိုစိတ်ဝင်းစားတယ်။ ပိုပြီတော့ သေချာအောင်ဆိုပြီးတော့ နောက်တစ်ကြိမ် စမ်းသပ်တဲ့အခါကျတော့ ကလေးတွေ လုံးဝမဖြေနိုင်တဲ့မေးခွန်းတွေ မေးတယ်တဲ့။ ကလေးတွေကို growth mindset အရင်ဆုံး မသင်ပေးဘဲနဲ့ အဲဒီလိုသွားမေးရင်တော့ အဆဲခံရမှာပေါ့။ 

★ ဒီဟာကျတော့ psychology test အနေနဲ့ ဆရာမကြီးတွေက ဘာသိချင်တုန်းဆိုတော့ သူတို့ အဖြေမှန်မသိ လမ်းပိတ်နေတယ်ဆိုရင် ဒီကလေးတွေက ထွက်ပေါက်ရှာအုန်းမလား။ ထွက်ပေါက်ရှာတယ်ဆိုရင် သူတို့ရဲ့ mindset က ဘယ်လိုတုံး။ ထွက်ပေါက်မရှာဘူး လက်လျော့တယ်ဆိုရင် အဲဒီကလေးတွေ mindset က ဘယ်လိုတုံး အဲဒါသိချင်တယ်။

★ ကလေးတွေ့ကတော့ မွေးကတည်းကတော့ သူ့မှာ fixed mindset နဲ့ growth mindset မပါလာပါဘူး။ ပတ်ဝန်းကျင်ကြောင့်ဖြစ်တာ။ ဒီဟာကို ဘုန်းဘုန်းတို့ ဒီဗီဒီယိုလေးကြည့်ပြီးလေ့လာရအောင်။ 

Carol Dweck - A Study on Praise and Mindsets 

https://youtu.be/NWv1VdDeoRY?si=j-wiHpt0da79cNrT

★ ကလေးတွေကို မချီးမွမ်းဘဲနဲ့ အပြစ်တင်တယ်ဆိုရင် ကလေးတွေအလွယ်တကူ စိတ်ဓါတ်ကျပြီးတော့ motivation တွေကျသွားတယ်၊ မကြိုးစားချင်တော့ဘူး။ စိတ်ဓါတ်ကျတယ်ဆိုတာ အဲဒါတော့ လူတိုင်းသိတယ်။ ဒါပေမဲ့မိဘတွေအနေနဲ့ တခါတခါ ကိုယ်ကစိတ်တိုတာလေ၊ အားမရတာကနေပြီး စိတ်တိုတာ။ 

★ အဲဒါနဲ့ အရမ်းကို negative ဖြစ်တဲ့စကားလုံးတွေ ပြောမိတာပေါ့။ ဆရာတွေ ဆရာမတွေအနေနဲ့ ဒီအတိုင်းပဲ။ ဘုန်းဘုန်းက ၁၇နှစ်သားကတည်းက စာချလာတာပါ။ အဓိက လုပ်ငန်းက စာချကိုယ်တော်၊ အများစု ဒကာတွေသိတာတော့ တရားဟောတဲ့ဘုန်းဘုန်းလို့ သိတာ၊ ဓမ္မကထိက လို့သိတာ။ ဒါပေမဲ့ ဘုန်းဘုန်းရဲ့ အဓိကအလုပ်ငန်းက စာချတာ။

★ စာချတဲ့အခါမှာ ဘုန်းဘုန်းတို့လည်း ဒီအတိုင်းပဲ။ အားမရတဲ့အခါကျတော့ တခါတခါဆိုရင် ကျောင်းသားတွေ စိတ်ဓါတ်ကျစေမယ့် စကားလုံးတွေ စေတနာမပါဘဲနဲ့ ပြောမိတာပဲ၊ လွတ်ထွက်သွားတာ။ အကြိမ်ကြိမ်ဖြစ်တာပဲ။ စာသင်တိုက်တွေမှာ အကြိမ်ကြိမ်ဖြစ်တယ်။ တခါတခါကျ ကျောင်းသားတွေ မခံချင်စိတ်ဖြစ်အောင် ပြောမိတာတွေရှိတယ်။ 

★ မခံချင်စိတ်ဖြစ်တယ်ဆိုလည်း အဲဒါ အတ္တဖြစ်အောင် လုပ်လိုက်တာ သူနဲ့ တခြားနောက်တပါးနဲ့ ပြိုင်စေတဲ့စိတ် သွင်းပေးလိုက်တယ်။ ပြိုင်ပြီဆိုရင်တော့ အဲဒီနှစ်ပါးက မိတ်ဆွေမဖြစ်နိုင်တော့ဘူးလေ။ competition ဝင်လာပြီဆိုရင် collaboration ကတော့ မရှိတော့ဘူး အသက်မရှင်တော့ဘူး။ 

★ အဲဒါနဲ့ကလေးတွေ သူတို့ level နဲ့ ညီမျှစာမေးတယ်၊ လွယ်တာတွေ မေးတယ်ပေါ့။ အဲဒါ အကုန်လုံးဖြေနိုင်တဲ့အခါကျတော့ ကလေးတွေကို တစ်အုပ်စုကိုကျတာ့ သားတို့သမီးတို့ဖြေနိုင်တာ ဒါ ပြင်ဆင်ထားလို့။ ကြိုးစားကြလို့ ကြိုးစာမှုကို မုဒိတာလုပ်တယ်။ နောက်တစ်အုပ်စုကျတော့ ဖြေနိုင်တာကို တော်လို့ဆိုပြီး ဉာဏ်ကောင်းတာကို မုဒိတာလုပ်တယ်။

★ ဉာဏ်ကောင်းတာ မုဒိတာလုပ်တာနဲ့ ဝီရိယကောင်းတာ မုဒိတာလုပ်တာ အဲဒီနှစ်ခု ဘယ်လိုကွာမယ်ဆိုတာ ဆက်ကြည့်ရအောင်။ ဒုတိယတစ်ကြိမ်ဆက်ပြီးတော့ ဖြေခိုင်းတာ၊ ခက်တဲ့မေးခွန်းတွေပါလာတယ်၊ လွယ်တဲ့မေးခွန်းတွေပါလာတယ်။ လွယ်တဲ့မေးခွန်းတွေက ဖြေနိုင်ကြမှာပါ။ 

★ ခက်တဲ့မေးခွန်းက ဦးနှောက်ကောင်းဖို့အတွက် ဒီထက်ပိုပြီး တော်ဖို့အတွက် ကြီးထွားဖို့အတွက် အခွင့်အလမ်းဖြစ်ပါတယ်။ great opportunity to learn and grow. အဲဒီလိုပြောပြီးတော့ သူတို့ကို မေးခွန်းပေးတယ်။ ဉာဏ်ကောင်းတယ်ဆိုပြီး ချီးမွမ်းခံရတဲ့ကလေးက သုံးယောက်မှာနှစ်ယောက် 67% လွယ်တဲ့မေးခွန်းပဲ ရွေးတယ်တဲ့။

★ ဘဝမှာ ခက်ခဲတဲ့အရာနဲ့တွေ့ရင် အဲဒီခက်ခဲတာ စိတ်မဝင်စားဘဲနဲ့ လွယ်တာပဲ လိုက်ရှာရင် အဲဒီကလေးက သူ့တက်လမ်း limited ဖြစ်သွားမှာပေါ့။ အကန့်အသတ်ဖြစ်သွားမှာပေါ့။ သူတို့ရဲ့ကြိုးစားမှု ချီးမွမ်းခံရတဲ့ မုဒိတာလုပ်ခံရတဲ့ ကလေးကျတော့ ၁၀၀ မှာ ၉၂ယောက် ခက်တဲ့မေးခွန်းရွေးတာတဲ့။ ဒီကလေးတွေက ခက်တာမကြောက်ဘူး။ 

★ လုပ်ငန်းခွင်မှာ ခက်တဲ့ နည်းနဲ့ လွယ်တဲ့နည်း။ အလွယ်တကူလုပ်လိုက်တယ်ဆိုရင် စဥ်းစားကြည့်ပေါ့ အင်ဂျင်နီယာတစ်ယောက် အဲဒီလိုလုပ်တယ်ဆိုရင် မြေငလျင်လိုဟာမျိုးနဲ့တွေ့တဲ့အခါ ကိုယ်ဘယ်လိုလုပ်မလဲ။ ရေရှည်လုပ်ရမယ့်အလုပ်၊ စိတ်ရှည် လုပ်ရမယ့်အလုပ်၊ အဲဒီဟာ နည်းနည်းခက်တယ်။

★ ဒါပေမဲ့ အများအတွက်ကောင်းတယ်၊ ကိုယ့်အတွက်ကောင်းတယ်ဆိုရင် ကုမ္ပဏီကြီးတွေ စပြီးတော့တည်ထောင်လိုက်တာနဲ့ အမြတ်အစွန်းမပြောနဲ့ အရင်းတောင် တစ်နှစ်တည်းနဲ့မကျေပါဘူး။ တချို့က ၅နှစ်နဲ့ မကျေပါဘူး။ တချို့ကျ ၁၀နှစ်နဲ့ မကျေပါဘူး။ အရင်းကြီးရင်ကြီးသလို။ 

★ အလွယ်နည်းကို လိုက်တယ်ဆိုရင် ပုဂ္ဂိုလ်ကဆေးရုံတွေမရှိနိုင်တော့ဘူး။ ကုမ္ပဏီအကြီးကြီးတွေလည်း မရှိနိုင်တော့ဘူး၊ ရေရှည်နဲ့သွားတဲ့ဟာလေ။ ဒီဟာက စိတ်ဝင်စားစရာကောင်းတယ်။ ဘာကြောင့် အဲဒီလိုလုပ်တာတုံး၊ ရွေးတာတုံးဆို mindset မှာကွာတယ်။ အဲဒါလေး ကြည့်ရတယ်။ 

★ ဘယ်လိုဉာဏ်ကောင်းတယ် ချီးမွမ်းခံရတဲ့ကလေးက ဘယ်လို mindset ကို အလိုလိုနေရင်းနဲ့ရသွားတယ်။ ဉာဏ်ကောင်းတယ် ချီးမွမ်းခံရတာနဲ့ ဘယ်လို mindset အလိုလို ဝင်သွားတဲ့ဟာလေး ဆက်ကြည့်ရအောင်။

★ လွယ်တဲ့ဟာပဲ ရွေးတဲ့ကလေးက ငါ့ကို တော်လို့၊ တော်တယ်လို့ထင်လို့ ဆရာမကြီးတွေက တန်ဖိုးထားတယ်။ ငါ့ကိုချစ်တယ်။ မိဘတွေကလည်း အဲဒါကြောင့်ချစ်တယ်ပေါ့။ ဒါကြောင့် ဒီကနေ ရှေ့လျှောက်မတော်ဘူးလို့ ဘယ်လိုမှ ငါ အထင်မခံနိုင်ဘူး။ ငါ အမှတ်နည်းသွားရင်တော့ မတော်တော့ဘူးလို့ အဲဒီလိုအပြောခံရမယ်။ 

★ အဲဒီလိုဆိုရင်တော့ ဆရာမကြီးတွေက ငါ့ မချစ်တော့ဘူး၊ မာမီတို့ ဒယ်ဒီတို့လည်း ငါ့ မချစ်တော့ဘူး၊ ကလေးက အဲဒီကြောက်စိတ်ဝင်သွားတယ်။ ကြောက်စိတ်ဝင်သွားတဲ့အခါကျတော့ ငါ့တော်တယ်ဆိုတဲ့ self-image ‌ပေါ့ သူ့ရဲ့ပုံရိပ် သူထိန်းထားဖို့အတွက် နည်းမျိုးစုံသုံးတယ်။ လွယ်တဲ့မွေးခွန်းတွေ ရွေးပြီးတော့ ဖြေရင်ဖြေမယ်။ 

★ လွယ်တဲ့မေးခွန်းမရှိဘူးဆိုရင် ခိုးပြီးတော့ ဖြေရင်ဖြေမယ်၊ cheating လုပ်ရင် လုပ်မှာပေါ့။ အဲဒီလိုလုပ်တာတဲ့။ အဲဒါ fixed mindset ထဲ ဝင်သွားတယ်။ fixed mindset ထဲ ဝင်သွားပြီး သူက safe ဖြစ်ဖို့အတွက်ပဲ သူ့ရဲ့ self-image safe ဖြစ်ဖို့အတွက်အဲဒါ အဓိက။ အထိအခိုက်မခံဘူး။ မဟုတ်ရင်ကလေးက လူကြီးတွေ မချစ်တော့ဘူးဆိုရင် သူတို့မှာ လုံးဝ secure မဖြစ်တော့ဘူးလေ။ အိမ်မှာဖြစ်ဖြစ် ကျောင်းထဲမှာဖြစ်ဖြစ် အဲဒီလို ခံစားရတယ်။ 

★ အဲဒါကြောင့် ကျောင်းမှာ ဆရာမတွေချစ်တယ်၊ ဆရာမတွေ အသိအမှတ်ဖြစ်တယ်ဆိုရင် ကလေးက secure ဖြစ်တယ်၊ လုံခြုံတယ် ခံစားရတယ်။ ဒါကြောင့် သူ့ကို လုံခြုံမှုပေးတဲ့နေရာမှာ ကိုယ်ပေးတဲ့နည်းက မှားနေတာပေါ့။ 

★ ဉာဏ်ကောင်းတယ်လို့ သွားပြောမိတာ။ ဉာဏ်ကောင်းတယ်လို့ သွားပြောရင် လွယ်တယ်လေ။ သူ့အမှတ်ကို ကြည့်ပြီးတော့ နှိုင်းယှဥ်လိုက်တယ်။ အမှတ်တက်လာတယ်၊ အမှတ်များတယ်။ 

★ ဝီရိယကောင်းတယ် ချီးမွမ်းရအောင်ကျတော့ အရင်တစ်ခေါက် သူ့ရဲ့ record တွေ အသေးစိပ် ကြည့်ရတယ်။ ဒီတခေါက် သူ့ရဲ့တိုးတက်မှုတွေ အဲဒါတွေပြန်ပြီးတော့ ရှာရတယ်ဆိုတော့ နည်းနည်းလေး အချိန်ပေးရတာပေါ့။ 

★ အဲဒီလို အချိန်မပေးနိုင်တဲ့အခါကျတော့ ဘုန်းဘုန်းတို့က အလွယ်လမ်း စာချဘုန်းဘုန်းတွေကိုယ်တိုင် ဆရာဆရာမတွေကိုယ်တိုင် လွယ်တဲနည်းကို လိုက်လိုက်တဲ့အခါကျတော့ ကလေးက အလိုလိုနေရင်းနဲ့ fixed mindset ထဲရောက်သွားတယ်။ fixed mindset ထဲ ရောက်သွားတဲ့ကလေးက learning capacity မှာ သူ limited ဖြစ်သွားတယ်။ 

★ စာသင်တယ် အလုပ်လုပ်တယ်ဆိုတာ သူက process of growth ပဲလို့ ကလေးက အဲဒီလိုမြင်ရင် မှားတဲ့ဟာကို ငါ့ရဲ့ဆရာဆရာမတွေက အပြစ်မဆိုဘူး။ အဲဒီအမှားကို သင်ခန်းစာယူနိုင်သရွေ့ ဆရာဆရာမတွေက ဘာမှမပြောဘူး။ 

★ အဲဒီအမှားကိုလည်း ဘာကြောင့် ဒီလိုမှားတယ်ဆိုတာ သူတို့ကို ကိုယ်က ကူညီပြီးတော့ ပြောပြရင်၊ သင်ခန်းစာတွေ နားလည်အောင် လုပ်တယ်ဆိုရင် ဘုန်းဘုန်းတို့ စာသင်တိုက်မှာကျတော့ အများစုက ဆရာမတွေလောက် အရည်အချင်းမရှိဘူး။ ဘုန်းဘုန်းမြင်ရတဲ့ဟာပေါ့။ အရင်တုန်းကတော့ မသိဘူး ငယ်ငယ်းတည်းက ဘုန်းကြီးဝတ်တယ်ဆိုတော့ မသိဘူး။ 

★ ကြီးလာတဲ့အခါကျမှ ကိုရင်လေးတွေရဲ့ ပညာရေးပြန်ပြီးတော့ စောင့်ရှောက်တဲ့အခါကျတော့ ဆရာမတွေ အကူအညီလည်းယူရတယ်၊ စာချတဲ့ ဘုန်းဘုန်းတွေလည်း ခေါ်ရတယ်။ အဲဒီမှာ ဆရာမတွေ စိတ်ရှည်တာ၊ ဘုန်းဘုန်းက မြင်ရတယ်။ ဒါ တော်တော် အရေးကြီးတဲ့အချက်ပဲ၊ quality ပဲ။ 

★ စာသင်တိုက်မှာကျတော့ မရဘူးဆိုရင် စာအုပ်နဲ့ပေါက်ထည့်တာတို့ ပစ်ထည့်တာတို့ သွားဆိုပြီးတော့ ပြောလိုက်တာ အဲဒါမျိုးတွေ ပြောခံရတယ်။ အဲဒါ trauma ဖြစ်သွားတာပေါ့။ တချို့ ကိုရင်လေးတွေဆိုရင် တောက်လျှောက်စာတော်ခဲ့တယ်၊ တချိန်လေးမှာပေါ့ သူက အရွယ်လိုက် သူစိတ်လွင့်တဲ့အချိန်လေး တစ်လနှစ်လသုံးလ အဲဒါမျိုးတွေရှိရင်ရှိမယ်။ အဲဒီလို အချိန်မျိုးမှာ performance ထိသွားပြီဆိုရင် ဆရာသမားလုံးဝ cut off လုပ်တဲ့ပုံစံမျိုး ဂရုမစိုက်တော့ဘူး။ 

★ ပထမရတဲ့အချိန်တုန်းကတော့ ဂရုစိုက်တယ်။ နည်းနည်း performance ကျသွားတဲ့အခါကျတော့ ဂရုမစိုက်တော့ဘူးဆိုတော performance တစ်ခုပဲကြည့်တာ။ process of growth ဖြစ်စဥ်ရေရှည် မကြည့်မိဘူးပေါ့။ အဲဒီပုံစံမျိုးနဲ့ သဒ္ဓါတရားရှိတဲ့ ကိုရင်လေးတွေ စိတ်ဓါတ်ကျလို့ လူထွက်သွားတာတွေ အများကြီးရှိတယ်၊ စာလည်းတော်ပါရဲ့နဲ့။ အဲဒီလိုဟာမျိုးပေါ့။

★ ဒီမှာကျတော့ ကြိုးစားမှု ချီးမွမ်းခံရတဲ့ကလေးကတော့ သူ ကြိုးစားနေသရွေ့ သူ့ဆရာဆရာမတွေ၊ သူ့စာချဆရာတော်တွေက သူ့အပေါ်မှာ မေတ္တာရှိနေမယ်။ စိတ်ထဲမှာ အဲဒီလို လုံခြုံမှုရှိတယ်။ အဲဒါကြောင့်မို့လို့ သူမှားပြီးတော့ ဖြေမိရင်၊ သူမှားတာ လုပ်မိရင်လည်းပဲ သူ့ကို ဆူမှာ မဟုတ်ဘူး၊ သူ့ကို အထင်သေးမှာ မဟုတ်ဘူး။ 

★ အထူးသဖြင့် အထင်သေးမှာမဟုတ်ဘူးဆိုပြီး စိတ်ထဲမှာ အဲဒီလိုယုံကြည်တာ၊ အဲဒါကြောင့် သူက growth mindset ထဲ ဝင်သွားတာ။ အဲဒီလို ဆက်ကြိုးစား ဆက်ကြိုးစားရင်းနဲ့ သူထိပ်ရောက်သွားတာတဲ့။ 

★ ဝီရိယကောင်းတယ် ချီးမွမ်းခံရတဲ့ကလေးက သူတို့လည်း မဖြေနိုင်ဘူး၊ မဖြေနိုင်တဲ့မေးခွန်းကိုပေးတာ။ ဉာဏ်ကောင်းတယ်ချီးမွမ်းတဲ့ကလေးလည်း မဖြေနိုင်ဘူး။ ၅တန်းကလေးကို ၇တန်း၈တန်း မေးခွန်းတွေ မေးထည့်တာ။ ပထမနှစ်ကလေးကို မဟာတန်းမေးခွန်းတွေမေးထည့်တာ၊ သူမဖြေနိုင်ဘူး။ 

★ မဖြေနိုင်ပေမဲ့ သူက work harder ပိုကြိုးစားတယ်။ work longer ပိုပြီးတော့ အချိန်ပေးတယ်။ enjoyed it more. အဖြေမှန်မသိဘဲနဲ့ အဲဒီဟာဖြေရတာကို ကြိုက်တာ။ ဒါ နည်းတဲ့ EQ မဟုတ်ဘူးနော်။ ဒီဟာက IQ မေးတာမဟုတ်ဘူးနော်။ EQ သိချင်လို့ မေးတာ။ မဖြေနိုင်ဘဲနဲ့ ဖြေရတာပျော်တာ ဒီအရည်အသွေးက သိပ်အရေးကြီးပါတယ်။ 

★ ဉာဏ်ကောင်းတယ်လို့ချီးမွမ်းခံရတဲ့ကလေးတွေကျတော့ အလွယ်တကူ became frustrated စိတ်ပျက်တယ်တဲ့၊ give up early - လက်လျှော့တယ်။ ဘာဖြစ်လို့ အဲဒီလိုဖြစ်တာတုန်းဆို mindset မှာကွာသွားတာ။ 

★ နောက်ဆုံးစာမေးပွဲမှာ ယှဥ်ကြည့်တဲ့ ဘယ်လိုဖြစ်မယ်ဆိုတာ အဲဒါလေး ဆက်ကြည့်မယ်။ Growth mindset ရှိတဲ့လူက နောက်ဆုံးမှာကျတော့ ရာခိုင်နှုန်း ၃၀ ပိုပြီးတော့ တော်သွားတယ်တဲ့။ Fixed mindset ရှိတဲ့လူက ၂၀ ရာခိုင်နှုန်းကျတယ်ဆိုတော့ ရာခိုင်နှုန်း ၅၀ ကွာသွားတယ်။ 

★ ကလေးနှစ်ယောက်နှိုင်းယှဥ်ကြည့်တာ အဲဒီလိုဖြစ်တယ်ဆိုရင် သိပ်မသိသာသေးဘူး။ အတန်းနှစ်တန်းလောက် နှိုင်းယှဥ်ကြည့်ရင် ဒုတိယနှစ်က fixed mindset ထဲဝင်သွားတယ်၊ ပထမနှစ်က growth mindset ထဲ ဝင်သွားတယ်ဆိုတော့ အဲဒီ batch နှစ်ခုကနေထွက်လာမယ့် လူအရင်းအမြစ်ကတော့ သိပ်ကွာသွားပြီ။ ဒါက နှစ်တန်းကို နှိုင်းယှဥ်ကြည့်တာ။ 

★ နှစ်ကျောင်းကို နှိုင်းယှဥ်ကြည့်မယ်ဆိုရင် impact က အရမ်းကြီးသွားပြီ နိုင်ငံအတွက်လေ။ နှစ်နိုင်ငံ နှိုင်းယှဥ်ကြည့်မယ်ဆိုရင်တော့ ပိုပြီးတောင်မှကွာခြားသွားတယ်။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်

ပါမောက္ခ ‌ဒေါက်တာအရှင်ဓမ္မသာမိ

🙏🙏🙏

(၁၂.၁၁.၂၀၂၅) မန္တလာတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “Fixed Mindset ကို မုဒိတာဖြင့်ကျော်လွှားနိုင်ရေး” ပထမပိုင်း တရားတော် မှ စာစီပူဇော်ပါသည်။