❖ တွေးတိုင်းတွေးတိုင်း အရှိန်အဟုန်ဟာ အမြဲတမ်းပြောင်းတော့တာပေါ့။ အလိုမကျ အားမရဆိုရင် အပူဓါတ်အရှိန်နဲ့ မှောင်ပြီး ရုပ်တွေပါ အရည်အသွေးကျလာတာ။ ရမယ်နော်။ ဒါကြောင့်မို့လို့ ဧရကပတ္တနဂါးမင်းဖြစ်တာဆိုရင် အင်မတန်နှမြောစရာကောင်းတယ်။ တသက်လုံး ရဟန်းတရားအားထုတ်ပြီး မေတ္တာနဲ့နေလာတာ အေးနေတာ၊ အင်မတန်ကောင်းတာ။ သီလဖြည့်တာနော်။ တုသိတာနတ်တောင် ဖြစ်ရမှာလေ။
❖ အဲဒါ သေခါနီးလေးမှ စိတ်အလှည့်လေးပဲ၊ အလှည့်လေးမှားသွားတာ။ ဝဋ်သုံးပါး သဘောနော်။ ငါ့သီလလုံလားဆိုပြီးတော့ သီလကို ငါနဲ့တွဲထားတာကိုး။ သီလက ငါ ပြုတ်ရန်အတွက် အခြေခံကျင့်စဥ်လေ။ ဒီမှာ နှစ်ချက်မှတ်နော်။
❖ ဝိနည်းစည်းကမ်းသီလဆိုတာ သာသနာရဲ့အသက်ဆိုတာ မှန်တယ်။ သာသနာကြီးမပျောက်မပျက်အောင် ဒီစည်းကမ်းနဲ့ ထိန်းသိမ်းသွားလို့မို့ မြဲတာလည်း မှန်တယ်။ တခါ အနှစ်ဆိုတဲ့ စကားက ရှိသေးတယ်။ သာသနာ့ အနှစ်ကျတော့ သူ မဟုတ်ပြန်ဘူး။ သူက အခြေခံပဲရှိသေးတယ်။
❖ ဘုရားက အနှစ်ရှာတဲ့ နေရာလေးတစ်ခု၊ ဒါ ဗဟုသုတကြားဖူးအောင် မှတ်အုန်းနော်။ တနေ့ ဘုရားက မဟာသာရောပမသုတ္တန်ဆိုတာ ဘုရားဟောခဲ့တယ်။ ချစ်သားတို့တဲ့ အနှစ်ကို ရှာဖွေတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အနှစ်ကို သူ မသိဘူးတဲ့။ တောထဲသွား သစ်ပင်ကြည့်ပြီးတော့တဲ့ အခက်အရွက်လေးကို အနှစ်ထင်ပြီး ယူလာခဲ့တယ်တဲ့။
❖ နောက်တစ်ယောက်ကလည်း ဒီလိုပဲ အနှစ်မသိဘူးတဲ့။ အပွေးလေးခွါပြီးတော့ကား အနှစ်ဆိုပြီး ယူလာခဲ့တယ်တဲ့။ ဒုတိယတစ်ယောက် နှစ်ယောက်နော်။ တတိယတစ်ယောက်ကျတော့ အခေါက်လေးခွါလာတယ် မသိလို့နော်။ သုံးယောက်ရှိသွားပြီနော်။
❖ နောက်တစ်ယောက်က အကာကိုခွါတယ်တဲ့။ လေးယောက်တဲ့နော်။ ချစ်သားတို့ အဲဒီလေးယောက်သည် အနှစ်နဲ့ ပြုရမယ့်ကိစ္စ ပြီးပါ့မလားလို့မေးတယ်။ မပြီးဘူးနော်။ နောက်တစ်ယောက်တော့ သစ်ပင်အကြောင်းသိတော့တဲ့ အနှစ်ကို အနှစ်မှန်းသိတော့ ယူလာခဲ့တယ်တဲ့။ အနှစ်နဲ့ပြုမယ့်ကိစ္စ ပြီးတယ်လို့ မှတ်ရမယ်။ ဒါက ဥပမာပေးတာနော်။
❖ အဲဒီအတိုင်းပဲတဲ့ ဘုရားသာသနာအဆုံးအမရောက်တဲ့ ပုဂ္ဂိုလ်များ၊ ပထမဦးစွာတဲ့ ဆွမ်း၊ ဘောဇဥ်၊ လာဘ်လာဘ၊ ပူဇော်သကာ ကျော်ဇော၊ ဘုန်းကံကြီးတာတွေ၊ နာမည်ကြီးတာတွေ၊ ပရိတ်သတ်များတာတွေ၊ အထင်ကြီးခံရတာတွေ၊ လာဘ်လာဘ ပေါတာတွေမှာ ပျော်သွားတာ။
❖ ပျော်ပြီးတော့ ငါ ဘုန်းကြီးလို့ ဖြစ်တာလို့ထင်တယ်။ ငွေအများကြီးရရင် ဘုန်းကြီးတယ်ထင်တယ်။ ကျောင်းကြီးတွေဖြစ်ရင် ဘုန်းကြီးတယ်ထင်တယ်။ ဟန်းဖုန်းတွေတို့ ကားတွေရရင် ဘုန်းကြီးတယ်ထင်တယ်။ ဒီလိုပေါ့နော်။ ဘုန်းကြီးတာကိုပဲ အနှစ်ထင်ပြီးတော့ကား အဲဒီမှာ ရပ်နေတယ်တဲ့။
❖ သူများနိမ့်ချ ကိုယ့်ကိုယ်ကိုယ်မြင့်တင်ပြီးတော့ ငါ သာမြင့်တယ်လို့ ထင်တယ်တဲ့။ ပြိုင်တယ်ပေါ့ စိတ်က။ အဲဒီလိုဖြစ်နေတဲ့ ပုဂ္ဂိုလ်သည်တဲ့၊ ဘုရားသာသနာမှာ အခက်အရွက်လေးကို ခူးတဲ့ပုဂ္ဂိုလ်နဲ့ တူတယ်တဲ့။ ဒါ တစ်ခု မှတ်ခဲ့။
❖ အဲဒါကို ကျော်လွှားပြီးတော့ သြော် သီလက အရေးကြီးပါလားဆိုပြီး သီလကိုထိန်းတယ်။ သီလကိုစောင့်ရှောက်တယ်။ စောင့်ရှောက်တော့ သီလက ခိုင်လာတဲ့အခါမှာ ငါသာ သီလလုံတာ။ သူများက ငါ့လို မဟုတ်ဘူးဆိုပြီး သူများကျတော့ ဖိုးသူတော်ဖြစ်အောင်မြင်တယ်။ ကိုယ်ကျ သီလ အလုံဆုံး။ သူများနိမ့်ချက် ကိုယ့်ကိုမြင့်တင်ပြီး ဒီမှာ မာနတက်နေတယ်။ အဲဒါ သာသနာမှာဆိုရင် အပွေးလေးခွါတာတဲ့။
❖ အနှစ်ရှာတဲ့နေရာကျတော့ သီလသည် အပွေးလောက်ပဲရှိတယ။ သီလသည် သာသနာမှာဆိုရင် အရှည်တည်ရန်အတွက်က အသက်လို့ခေါ်ပြန်တယ်။ စကားမတူဘူးနော်။ သီလမြဲလို့ မှန်မှန်နေတော့မှ ဒါ ရဟန်း သံဃာတွေမြဲမြဲရှိနေမယ်ပေါ့။ ရှိမှ ပိဋကတ်တွေရှိနေမယ်။ ဒါ သာသနာမှာ အသက်လို့လည်း ပြောတယ်နော်။
❖ တကယ်တရားကျင့်တဲ့အခါမှာကျတော့ သူက အပွေးလောက်မှာပဲရှိတယ်။ မာန မတင်ရဘူးနော်။ ပြီးရင် တခါ သီလလောက်နဲ့ မပြီးသေးဘူး၊ သမာဓိတွေကောင်းအောင် ကမ္မဋ္ဌာန်းပွားမှပဲ လို့ နားလည်ပြီးတော့ ကျင့်သင့်တယ်။ ကျင့်တော့ ဣရိယာမြဲပြီး သမာဓိတွေ ကောင်းလာတော့ သူများတွေက မေ့တာလျော့တာ မြင်ရော။
❖ သြော် ဟိုပုဂ္ဂိုလ်တွေက ကမ္မဋ္ဌာန်းတရား မပွားကြဘူး၊ အလကားပုဂ္ဂိုလ်တွေ။ ငါသာ ပွားတာဆိုပြီး မာနတက်ပြန်ရောတဲ့။ အဲဒီမှာ သူများနှိမ့်ကျ ကိုယ့်ကိုမြင့်တင်ပြန်တာပဲတဲ့။ အဲဒါ အခေါက်ခွါတာတဲ့။
❖ ဒေဝဒတ်ကျတော့ နည်းနည်းပိုမြင့်သွားပြီ။ ဒီတရားက ဒေဝဒတ်အကြောင်းပြုပြီး ဟောတာနော်။ သမာဓိတွေ ကောင်းပြီးတော့ သူများစိတ်အကြံလည်း သိနိုင်တယ်၊ ကောင်းကင်လည်းပျံနိုင်တယ်။ နံရံလည်းဖောက်ထွက်နိုင်တယ်။ တန်ခိုးတွေရသွားပြီ။ ရလည်းရရော ငါနဲ့ တွဲထားတာ။ ငါသာ တန်ခိုးကြီးတာ။ သူများက ငါ့လောက် မဟုတ်ဘူးဆိုပြီး မာနပိုတက်သွားတာ။ သူက အကာရောက်သွားပြီ။ အနှစ်နားရောက်သွားပြီနော်။
❖ အဲဒီမှာ မာနတက်သွားရင်လည်း သာသနာမှာ အကာခွါတဲ့ပုဂ္ဂိုလ်လို့ ဆိုပြန်တယ်။ အနှစ်ကို အနှစ်မှန်းသိတယ်ဆိုတာ တခြားမဟုတ်ဘူးတဲ့၊ ဝိမုတ္တိဓါတ် တဏှာအစပ်ပြတ်လို့နော် လွတ်မြောက်ရာကို ဝိပဿနာဉာဏ်၊ တနည်း ပညာအလင်းနဲ့ မဂ္ဂင်ရှစ်ပါးအကျင့်နဲ့ ရှုနိုင်တယ်ဆိုရင်တော့ အချိန်မရွေးလွတ်မြောက်တယ်ခေါ်တယ်။ အချိန်တိုင်းမှာ ပုစ္ဆာပေးသလို ပေါ်သမျှကို တည့်အောင်ရှုနိုင်တယ်ဆိုရင်တော့တဲ့ ဒါဆို အနှစ်ရောက်ပြီလို့ မှတ်ရမယ်။
❖ အဲဒီတော့ ခုနပြောတဲ့ နဂါးမင်းဖြစ်တဲ့ပုဂ္ဂိုလ်က ရဟန်းဖြစ်သော်လည်း အပွားခွါတဲ့ပုဂ္ဂိုလ်ဖြစ်နေတာ။ သီလမှာပျော်ပြီး နစ်နေတာကိုး။ ငါ့သီလ လုံရဲ့လားလို့ ပြန်စစ်တာ။ စစ်တဲ့အခါကျတော့ ဂင်္ဂါမြစ်ကမ်းဘေးမှာ လှေလူးတာလေး သွားပေါ်တာ။ ပြိတ်မြက်လေးသွားဆွဲမိတာ သေသွားတာကိုး၊ ပြတ်သွားတာကိုး။ အဲဒါ အာပတ်ပဲ အပြစ်ပဲကိုး။
❖ ဒေသနာမကြားမိသေးဘူး ငါ့မှာရှိတယ်ဆိုပြီး စိတ်မကောင်းတာ။ ပြီးပြီးသားကို ပြန်တွေးပြီး ကုက္ကုစ္စ ခေါ်တယ်။ ဥဒ္ဓစ္စ ကုက္ကုစ္စ ဖြစ်တာ။ သူက အပူပဲလေ။ အဲဒီအပူဓါတ်အရှိန်ကြီးနဲ့ နှလုံးသွင်းတော့ကား ကိလေသဝဋ်လာတော့၊ ကမ္မဝဋ်လာပြီလေ။ မနောပေါ်တာတက တွေးစရာပေါ်တာက ဝိပါကဝဋ်။
❖ အဲဒါမှာ ငါ ထင်ပြီးတော့ ငါ့ကိုယ်မှာ အပြစ်ရှိတယ်လို့ သတ်မှတ်လိုက်တော့ ကိလေသဝဋ် ဖြစ်မသွားဘူးလား။ အဲဒီတော့ စိတ်ကျက်စားတာ လွှဲသွားတော့ အရှိန်အဟုန်ထွက်ပြီလေ။ အကုသိုလ်ဟိတ်ဖြစ်ပြီနော်။ အဲဒီဟိတ်ကြောင့် ဒီကရုပ်ကလပ်တွေက အသစ်အသစ်လဲတဲ့အခါမှာ သူ့ထောက်ပံ့တဲ့အရှိန်ကြောင့်နော်၊ ဇောအရှိန်ခေါ်တယ်။ မျက်လုံးတွေလည်းပြောင်းတယ်၊ ဦးနှောက်ဟော်မုန်းလည်းပြောင်းတယ်။ အကုန်ပြောင်းလွှဲသွားတာ။
❖ ပြောင်းလဲတဲ့အရှိန်အဟုန် မရပ်ခင်မှာ email နဲ့ စာပို့သလိုပဲ၊ တကယ်ဖြစ်ရမှာ တန်ခိုးကြီးတဲ့ တုသိတာနတ်ဖြစ်ရမှာ၊ တန်းခိုးတော့ကြီးတယ် နတ်နဂါး သွားဖြစ်တယ်။ ဟော်မုန်းညံ့တယ်ခေါ်တာပေါ့။ ဖွဲ့စည်းပုံတွေ ညံ့သွားတော့ လူယောင်ဖန်ဆင်းနိုင်တယ်။ သူက တန်ခိုးတော့ ကြီးတယ်နော်၊ ဒါပေမဲ့လို့ အိပ်ရင် မူလပြန်တယ်။ စားရင် မူလပြန်တယ်။ ပျော်ပါးရင် မူလပြန်တယ်။ မဂ်ဉာဏ်ဖိုလ်ဉာဏ် မဆောင်နိုင်ဘူးတဲ့။ အဲဒါ တအားရှုံးတာပဲ။ နားလည်ပြီနော်။
❖ ဒါဖြင့်ရင် ဝဋ်သုံးပါးမှာ အကဲခတ်ရမှာက အာရုံပေါ်တိုင်းပေါ်တိုင်း နောက်စိတ်က လက်ခံဆုံးဖြတ်တာမှာ အဝိဇ္ဇာဖုံးလို့နော်၊ အမှားဆုံးဖြတ်တယ်ဆိုရင် ဒီကံက သေချာပြီ အဲဒီအရှိန်က တောက်လျှောက်အကျိုးပေးတာကိုး။ ဒီတော့ ကိုယ့်ရဲ့ဖွဲ့စည်းပုံကြည့်တဲ့အခါမှာ အချိန်တိုင်းနော် တချက်လေး တင်းလိုက်တာနဲ့ သူက ဓါတ်ရိုက်ဓါတ်ခိုး ပြောင်းပြောင်းသွားတာ။
❖ ဒါကြောင့် ဘုန်းကြီးက စာတမ်းလေး ထုတ်ထားတာနော်။ အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်။ တကယ်ဖြစ်နေတာ။ အဲဒါကို ကြောက်ရမှာ။ တန်ဖိုးလည်းထားရမှာနော်။ တုံးလုံးလှဲရင်းလည်း အတွေးဆိုတာ ရှိမှာပဲလေ။ တွေးရင်းတွေးရင်းနဲ့ အဆင်မပြေတာကို တွေးမိရင် ပူလာတာပဲ။ ပူတယ်ဆိုရင် ဓါတ်ရိုက်ဓါတ်ခိုးက ဆက်နေတာ၊ ဒါကို ဟိတ်ခေါ်တယ်နော်။ ဟိတ်အရှိန်ခေါ်တယ်။
❖ ရေသောက်မြစ်နဲ့ အညွှန့်အဖျားဆက်သွယ်သလို တရှိန်းရှိန်းနဲ့ ပြောင်းလဲသွားတာ။ အဲဒီပြောင်းလဲတာလေးကို ခံစားတတ်ရမယ်။ အာရုံကြော ကြွက်သားလေးတွေ တင်းပြီးတော့ အပူဓါတ်များလာတယ်ဆိုရင် ညံ့ပြီလို့ မှတ်တော့။ တရားတိုးပေးနေတာနော်။ သေချာမှတ်နော်။
❖ ထိုင်နေရင်းနဲ့ ဥပမာ တစ်ခုခု သွားချင်လာချင်ဖြစ်နေပြီ၊ ဒီဘက်ကလည်း မပြီးနိုင်သေးဘူး။ ကွာဟတယ်ဆိုပါစို့နော်။ ကွာဟတယ်ဆိုရင် အကြောတွေကျုံ့ကျုံ့ပြီး တင်းမလာဘူးလား။ တင်းလာတာ။ အဲဒီအချိန်များ သေသွားလို့ရှိရင် အခြေအနေမကောင်းဘူး။ ဇောများနေတာကိုး။ ဒါ အရေးကြီးတယ်နော်။
❖ ဖားနတ်သားဖြစ်တာက အေးလို့ဖြစ်တာနော်။ ဘုရားကိုကြည့်ပြီး အသံကြားတော့ ပီတိဖြစ်ပြီးတော့ ပုံပေါ်တော့ ငြိမ်ပြီး အကြောတွေလျော့တာ။ ဓါတ်ရိုက်ဓါတ်ခိုးက ဘေးကကြည့်တော့ လူပဲ၊ အရှိန်အဟုန်က ကြီးလာတာ၊ မနောမှာ အမြစ်တွယ်ထားတာကိုး။ နတ်နဲ့တူတဲ့အချိန်မှာ သေသွားတဲ့အခါမှာ သန္ဓေမှီတဲ့အခါကျတော့ အဲဒီအမြစ်တွယ်တာနဲ့ နတ်ဘုံမှာ ဘွားကနဲပေါ်လာတာ။ ဥပပတ္တိက ဘွားကနဲပေါ်တာနော်။
❖ အဲဒီတော့ ဘုရားကို တကယ်ချစ်၊ တန်ဖိုးထားချစ်ရင် ဘုရားပိုင်ဆိုင်တာ သူပိုင်သလိုပျော်ပြီး ဖြစ်တဲ့ပီတိကြောင့် ဗိမာန်ပါ တခါတည်းပေါ်တော့တာ။ တအားအားကောင်းတာ။ အဲဒါယုံတယ်ဆိုရင် တွေးတိုင်းတွေးတိုင်း သတ္တိပြောင်းတာ သေချာပြီလို့ မှတ်ရမယ်။ တွေးတိုင်းပြောင်းနေတာ။ မမြင်ရဘူးနော်၊ ယုံကြည်မှုနဲ့သွားရမှာ။ ဒါကို သဒ္ဓါသိခေါ်တယ်။
❖ ယုံကြည်မှ ကျင့်လို့ရမှာ။ မယုံရင်ကျင့်လို့ရပါ့မလား။ မရဘူးလေ။ လူတစ်ယောက်ဟာ ယုံမှလုပ်တာ၊ မယုံမလုပ်ဘူးလေ။ တချို့အပိုင်းက ဘုရားမြင်သလို မမြင်ရဘူးလေ။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
🙏🙏🙏
ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှစာစီပူဇော်ပါသည်။
