logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ချမ်းသာလမ်း

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
7/27/2026
ချမ်းသာလမ်း

❖ တရား အဖွင့်မှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို နမောတဿဂါထာ သုံးကြိမ်နဲ့ ပူဇော်ကြရအောင်။

🙏 နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ (၃ခေါက်)

သာဓု၊ သာဓု၊ သာဓု။

❖ အနက်ပြန်ဆိုကြည်ညိုတဲ့အခါ နှလုံးအေးအေးနဲ့စိတ်ကို စုစည်းရမယ်နော်။ 

🙏 အရဟတော

တစ်ထောင့်ငါးရာကိလေသာတို့မှ ကင်းဝေးသန့်ရှင်းတော်မူ၍ မကောင်းမှုတရားတို့ကို စိတ်ကွယ်ရာ၌ပင် ပြုတော်မမူ ပြောတော်မမူ စိတ်တော်ကပင် ကြံစည်တော်မမူသဖြင့် ဗြဟ္မာနတ်လူ သုံးဘုံသူတို့၏ ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေထသော။

🙏 သမ္မာသမ္ဗုဒ္ဓဿ

သစ္စာလေးပါးမြတ်တရားနှင့် အလုံးစုံသောတရားတော်မြတ်တို့ကို ဆရာမကူ သယမ္ဘူဉာဏ်မြတ်ဖြင့် ကိုယ်တော်တိုင် တပ်အပ်ထင်ထင် သိမြင်တော်မူနိုင်ပါပေထသော။

🙏 ဘဂဝါတော

ထိုဘုန်းတော်အနန္တ ဉာဏ်တော်အနန္တ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားအား နမော ရိုသေမြတ်နိုး မာန်ညွန့်ကျိုး၍ ရှိခိုးခြင်းသည် အတ္ထုဘ၀န္တု စင်စစ်မသွေ ဖြစ်ကြပါစေကုန်သတည်း။

သာဓု သာဓု သာဓု။

❖ ကန်တော့ခန်း မစခင် အရင်ဆုံးကုသိုလ်အကုသိုလ် သင်ပေးပါအုန်းမယ်။ ဘုရားရှင်ရဲ့ ဉာဏ်တော်ကြီးနဲ့ ကြည့်တဲ့အခါမှာ သတ္တဝါအားလုံး ဗြဟ္မာနှစ်ဆယ် နတ်ပြည်ခြောက်ထပ် လူ့ဘုံတစ်ဘုံ အပယ်လေးဘုံတဲ့။ အားလုံးမှာတဲ့ တောင့်တမျိုးစုံ ရှိကြတယ်တဲ့။ တောင့်တမျိုးစုံကို ဘုရားက အနှစ်ချုပ်တဲ့အခါမှာတဲ့ တစ်ခုတည်း သွားစုနေတယ်တဲ့။ ဘယ်နှစ်ခုလဲ။ (တစ်ခုတည်းပါ ဘုရား)။ 

❖ လယ်တီဆရာတော် ဘုရားကြီး လင်္ကာစပ်ထားတယ်တဲ့။ 

“ ချမ်းသာသုခ တစ်ခုမျှ၌ လောကအထု အကုန်စု၏ ” တဲ့။ 

❖ ချမ်းသာခေါ်တယ်တဲ့နော်။ သို့သော် တို့သိတဲ့ ချမ်းသာနဲ့၊ ဘုရားသိတဲ့ ချမ်းသာ မတူဘူး။ ဘုရားဟောတာ အချိန်ပိုင်းလေးဟောတာတွေ့ရတယ်။ နှလုံးသွေးမှီတဲ့ စိတ်ကတဲ့ အာရုံတွေကို ဖမ်းပါတယ်။ ဖမ်းတဲ့အခါမှာ မကြည့်ဘဲနဲ့ မျက်နှာ အမူအရာပေါ်တယ်၊ ကိုယ်အမူအရာ ပေါ်တယ်ပေါ့။ ပတ်ဝန်းကျင်လည်း ပေါ်လာတယ်။ 

❖ ပေါ်တာကို နောက်စိတ်က ဆက်တွေးတဲ့နေရာမှာ စိတ်မှာ အမှောင်ဖုံးတော့ အကောင်အထည် သတ္တဝါထင်ကြတယ်။ အတွေးဆိုတာ အကောင်အထည် ဟုတ်ပါ့မလား။ (မဟုတ်ပါဘူး ဘုရား)။ အထင်နဲ့ အမြင်မှာ ငါနဲ့ ပက်သက်တာ ဒါငါ့မျက်နှာ ငါ့လက် ငါ့အိုး ငါ့အိမ်တဲ့ ငါ့သမီး ငါ့သား ငါ့စီးပွားလို့ ထင်ပြီးတော့ ရွေးချယ်ကြတာပေါ့။ 

❖ ဆက်ရွေးချယ်ထားတဲ့ နေရာမှာတဲ့ ဖြစ်ချင်တာလေးတွေ ပုံဖော်ကြတာပါဘဲ။ ပုံဖော်တဲ့အတိုင်း အကောင်အထည် ပေါ်ရင်တော့ နှလုံးသားက အေးပြီး ပျော်ကြတယ်တဲ့။ အဲ့တာကို ဘုရားက ချမ်းသာခေါ်တာပါ။ စိတ်တိုင်းကျခြင်းလို့ ခေါ်ပါတယ်တဲ့။ ဘယ်လိုခေါ်တုန်း။ (စိတ်တိုင်းကျခြင်းပါ ဘုရား)။ 

❖ စိတ်တိုင်းမကျရင် နှလုံးအေးပါ့မလား။ (မအေးချမ်းပါဘူး ဘုရား)။ ဆယ်မျိုးမှန်းရင် ဆယ်မျိုးလုံး စိတ်ငြိမ်းချမ်းဖို့တော့ လွယ်တော့ မလွယ်လှပါဘူး။ အဲဒီချမ်းသာကိုဘဲ သတ္တဝါတွေက ရှာကြတာတဲ့။ နှလုံးပူလာရင် အနည်းဆုံးတော့ စိတ်ချမ်းသာစရာ သားလေး သမီးလေး ထိုင်ကြည့်ပြီရင်တော့မှ စိတ်တိုင်းကျရင် ပျော်ရပြန်တာပေါ့နော်။ 

❖ စိတ်တိုင်းကျချိန်လေးကိုဘဲ ဘုရားက ချမ်းသာခေါ်တာတဲ့။ ထပ်ပြီးတော့ စဥ်းစားကြည့်၊ ကိုယ်လိုချင်တာ အားလုံးကို စိတ်တိုင်းကျ ဖြစ်ဖို့ကလည်းဘဲတဲ့ စိတ်မှာ ဆွဲအားရှိမှ ဖြစ်မှာတဲ့။ ဘာရှိမှလဲ။ (စိတ်ဆွဲအား ရှိမှပါဘုရား)။ နောက်ပိုင်း ဘုန်းကြီးတို့ အင်တာနက်မှာ Youtube မှာ လေ့လာကြည့်တော့ ပညာရှင်တွေ ရေးတာ ဖတ်ပြတာလေးကို ဘုန်းကြီးက သဘောကျနေတာ။ 

❖ စကြာဝဠာကြီးက အံ့သြစရာကောင်းတာတွေ့ရတယ်။ ဘုရားဟောအတိုင်းတဲ့ အကောင်အထည် သတ္တဝါမရှိဘူးလို့ နားလည်သွားကြတယ်တဲ့။ ဖုန်းတွေ ကားတွေကို အဆများစွာ ချဲ့ကြည့်တဲ့ အခါမှာ အတုံးအခဲမရှိတော့ဘူးတဲ့။ လှိုင်းလေးတွေဘဲ ရှိတော့တာတဲ့နော် အဲ့တော့ ကိုယ့်စိတ်က ဖွဲ့တဲ့ လှိုင်းလေးတွေနဲ့ အချိုးတည့်ရင် အကောင်အထည် ပေါ်တယ်ဆိုတာကို လက်ခံလာကြပြီ။ 

❖ အံ့သြစရာ ကောင်းတယ်နော်။ တူသော အကျိုးပေးကိုလည်း နားလည်ကြတယ်တဲ့။ ပညာရှင်တစ်ယောက်က ရေးထားတယ်။ သူက ကိစ္စတစ်ခု Software ရေးတာမှာ အဖြေထွက်မလာတော့ ခဏလေးနား။ အဲ့အချိန်မှာ တပည့်တစ်ယောက်က ခက်ခဲတဲ့ ပုစ္ဆာလာမေးတော့ သူက ရှင်းပြပြီးတော့ အဖြေရတော့ ပျော်သွားတော့ ထပ်တူပျော်တဲ့ ပီတိရသွားလိုက်တာ။

❖ ဒီဘက်လည်း လှည့်လိုက်ရော သူ့ကိစ္စက အဖြေထွက်နေတော့ သူအံ့သြသင့်သွားတယ်တဲ့။ မှတ်တမ်းရေးထားတယ်။ တန်ပြန်လှိုင်း ရှိတယ်တဲ့။ အခက်အခဲရှိရင် ခက်ခဲတဲ့သူကို ကူညီလိုက်ပါတဲ့။ မှတ်တမ်းရေးထားတာဗျ။ နိယာမ အမှန်သွားတွေ့တာနော်။ အဲဒါ သစ္စာတရားလို့ ခေါ်တယ်။ 

❖ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကတော့တဲ့ ဘုန်းတော်ခြောက်ပါးမှာ ကာမဘုန်းတော်ဆိုတာ ရှိတယ်။ ဖြစ်ချင်တာ အားလုံးက ညွတ်တိုင်း အကုန်ပြီးတာ။ တကယ်လို့များ ဟိမဝန္တာ တောင်တန်းကြီးကိုတဲ့ ရွှေလို့ ညွတ်မယ်ဆိုရင်တောင်တဲ့ ချက်ချင်း ရွှေတောင် ဖြစ်နိုင်တယ်တဲ့ဗျ။ အဲဒီလောက် အားကောင်းပါတယ်။ 

❖ ကာမဘုန်းတော်ကတဲ့ ဘုရားစိတ်ကနေ မိုးရွာအောင် ညွတ်လိုက်ရင်လည်း ချက်ချင်းရွာချတာတဲ့ဗျ။ သို့သော် ဘုရားက မလိုအပ်ဘဲနဲ့လည်း မညွတ်ပေးပါဘူးတဲ့။ မာရ်နတ်ကြီးက ဘုရားကို လျှောက်တာတဲ့၊ ဟိမဝန္တာတောင်တန်းကြီးကို ဘုရားက ရွှေလို့ ညွတ်ရင် ရွှေဖြစ်နိုင်ပါတယ်ဘုရားလို့ လျှောက်ဖူးတယ်။ စိတ်တိုင်းကျ ခေါ်တာပေါ့နော်။ 

❖ ဒီတိုင်း ထိုင်နေရင်တောင်မှဘဲ ခန္ဓာကိုယ်တိုင်း ခန္ဓာကိုယ်တိုင်းမှာ လိုအပ်ချက်က လေးမျိုး အဓိက ရှိတယ်။ ဘုန်းကြီးတွေမှာကျ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ခေါ်တယ်။ စားဖို့ရယ်၊ ဝတ်ဖို့ရယ်၊ နေဖို့ရယ်၊ ဆေးဝါးအတွက်ရယ်။ ဒီအတွက် အရေးမကြီးဘူးလား။ စားဖို့လည်း ရှာနေရတယ်။ ဝတ်ဖို့လည်း ရှာရတယ်။ နေဖို့လည်း ရှာရတယ်။ ကျန်းမာရေး ဆေးဝါးလည်း ရှာရတာပေါ့။

❖ အဲ့ဒီ လိုအပ်ချက်တွေကို ဘုရားရှင်ကျတော့ တောင့်တစရာတောင် မလိုဘူးတဲ့။ ဒီတိုင်း ထိုင်ရင်းနဲ့ကိုဘဲ ဆွဲအားက ဘယ်လောက်တောင် အားများလဲဆိုရင် စကြာဝဠာ တိုက်တစ်သောင်းထိ ပျံ့နှံနေတယ်တဲ့ ဆွဲအား စက်ကွင်းကျယ်တာတဲ့နော်။ ဗြဟ္မာ နတ်တွေက ကြည်ညိုလွန်းလို့ကို နေ့စဥ် လာလှူနေကြတာတဲ့ဗျ။ 

❖ ဘုရားက လာဘ်လာဘ အပေါဆုံး။ ရှင်သီဝလိဆိုတာက ဘုရားအောက် သာဝကထဲမှာ သာတယ်ပြောတာတဲ့။ ဘုရားထက် မသာဘူးနော်။ အဲဒီတော့ ဗြဟ္မာနတ်အားလုံးက ကိုးကွယ်နေကြဆိုတော့ ဘုရားကိုကြည့်ပြီးတော့ အာနန္ဒာမထေရ်က ဘုရားကို နည်းတောင်းတယ်တဲ့။ 

❖ အရှင်ဘုရားတဲ့ သူလိုကိုယ်လို အဆင့်က နေပြီးတော့၊ တို့လို့ အဆင့်ပေါ့နော်၊ အထွဠ်အထိပ် ဖြစ်သွားအောင်တဲ့ ဘယ်လိုကျင့်ပါသလဲလို့ ကျင့်စဉ်လမ်းကို မေးတာ။ ရှင်းရှင်းလေးနော်၊ ချမ်းသာလမ်းကို မေးတာနော်။ ဖြစ်ချင်တာ အားလုံးက ပုံဖွဲ့လိုက်ရင် အဆင်ပြေပြေဖြစ်ရင် မကောင်းဘူးလား။ (ကောင်းပါတယ် ဘုရား)။ ဟုတ်တယ်။ အဲဒီအတွက်ကို နည်းလမ်းတောင်းတာပေါ့။ 

❖ ဘုန်းဘုန်းက ဒါ ဘာကြောင့် ဒီတရားတွေကို ရှာလဲဆိုတော့ ဟောလည်းဟောပေးတာ အကြောင်းရှိလို့ပါ။ တရားဟောဆရာ ဆိုတာသည် ဘုရားဟောမှာ ကျင့်ဆဲ၊ ကျင့်ပြီးရှိမှ ဟောရတယ်။ ဘုန်းဘုန်းက ဒါမဟောခင် ၁၀ နှစ်လောက် လက်တွေ့ စမ်းရသေးတာ။ ဒါနဆိုတာ ဘုန်းဘုန်းက သိပ်ပြီး မယုံခဲ့ဘူးလေ။ ဘုရားက ဒါနက စ ကျင့်ခဲ့တာ ဆိုတဲ့ စကားကိုးနော်။ 

❖ လှူတာဟာ အမှတ်တမဲ့ ကြည့်ရင်တော့ ရိုးရိုးအသားမျက်စိနဲ့ မြင်ရတာတော့ ကုန်သွားတာ မြင်ရတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာရတာလေ။ အဲ့တော့ သူ့ကြောင့် ချမ်းသာတယ်ဆိုတာက ဘယ်လိုမှ ဆက်စပ်လို့ မရတော့၊ ဟိုတုန်းက ရဟန်းဖြစ်ခါစကဆို ကြည့်လှူလို့ဘဲ ပြောတာ။ သိပ်နားမလည်တော့ သူများလည်း မဟောဘူးပေါ့နော်။ 

❖ နောက် တောရွာဘက် ရောက်သွားတော့ ဘုန်းဘုန်းက ဝိပဿနာဘက် အားထုတ်တာကိုး။ နောက် တောရွာတစ်ခုက ကိုးသိန်းတောမှာကျတော့ အိမ်ခြေနှစ်ဆယ်ဘဲ ရှိတယ်။ ငါးရှာ ဖားရှာကြနဲ့ တံငါမုဆိုးလုပ်ကြတော့ကျ ဝိပဿနာ ဟောလို့ မရတော့ဘူး။ အဲ့တော့ ကုသိုလ် အကုသိုလ် ဟောရမယ်ဆိုတော့ ဘုန်းဘုန်းက မသိတာကျ မဟောချင်ဘူးလေ။ 

❖ အဲ့တော့ ဦးမာဃဝတ္ထုတို့ဆိုတာ ရှိပါတယ်။ လှူရင်း တန်းရင်းနဲ့ နတ်ဖြစ်တာတွေ၊ ပန်းလေးလှူရုံနဲ့ ဖြစ်သွားတာတွေ မျိုးစုံပေါ့။ မှတ်တမ်းရှိတော့ အဲ့စာအုပ်ကို ဟုန်တုန်းက ဘုန်းဘုန်းက မဖတ်ခဲ့ဘူး။ ပြစ်မှားထားတာ။ အော် ဘုန်းကြီးတွေက စားကောင်းသောက်ကောင်းအောင် ရေးထားတာ ဆိုပြီးတော့ ဘုန်းဘုန်းက ဖတ်ကို မဖတ်ခဲ့တာ။ 

❖ နောက်တော့ အဲ့စာအုပ်လေးဘဲ ဖတ်ရမယ်ဆိုတော့က ဆရာတော် တစ်ပါးက ဆုံးမထားတာရှိတယ်။ ကိုယ်တော်လေးတဲ့ စာအုပ်တွေ့တိုင်း ရမ်းမဖတ်ပါနဲ့တဲ့။ စာရေးဆရာ ကြည့်ဦးဆိုတော့ အဲ့မှာ စာရေးဆရာ ကြည့်ရတာပေါ့နော်။ ကြည့်တော့မှဘဲ ထိုင်ရှိခိုးရတယ်။ ဘုရားဟော ဖြစ်နေတာကိုး။ 

❖ ရှင်မောဂ္ဂလာန်ကြီးက သက်သေသွားသွားရှာရတာ၊ ဘုရားခိုင်းလို့နော်။ ပြီးတော့ မှတ်တမ်းရပြီးတော့ ဘုရားကိုလျှောက်တော့မှ တကယ့်ဖြစ်စဉ်အမှန်ဆိုမှ ပြစ်မှားမိတာတွေ ထိုင်ကန်တော့ရသေးတယ်။ ပြီးတော့မှ ဉာဏ်မှီအောင် တော်တော်ကို စဉ်းစားရသေးတယ်။ တော်တော်ကို ခက်ပါတယ်။ 

❖ ဒါကြောင့်မို့ ကုသိုလ်အကုသိုလ်နဲ့ ပက်သက်ပြီးတော့ ရာနှုန်းပြည့် ယုံကြည်ဖို့ဆိုတာ မလွယ်လောက်ဘူး။ သဒ္ဓါတရားလို့ ခေါ်တယ်။ သဒ္ဓါတရားနဲ့ တကယ်မြင်တာနဲ့ မတူဘူး။ ခြားနားချက်ပေါ့။ အသားမျက်စိနဲ့ မြင်ရတာဆိုတာ ရိုးရိုးမြင်ရတာ။ သဒ္ဓါတရားဆိုတာ ဉာဏ်နဲ့ မြင်ရတာ။ ယုံကြည်မှုလို့ ခေါ်တယ်။ အဲ့တာ အရေးကြီးဆုံးနော်။ 

❖ ယောဆရာတော်ဘုရားကြီးက ဆုံးမတယ်။ ကိုယ့်သန္တာန်မှာကွယ်တဲ့ မြင့်မြတ်တဲ့တရားတွေ ဝင်လာတာက သဒ္ဓါဆိုတဲ့ တံခါးပေါက်က ဝင်လာတာတဲ့။ ဘုရားစကား ယုံကြည်မှ ဝင်လာမှာတဲ့။ ဒါမှ အောင်မြင်မှာတဲ့နော်။ သဒ္ဓါက အရေးကြီးဆုံးဘဲတဲ့ဗျ။ 

ဆက်လက်ဖော်ပြပါမည်။ 

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၄.၇.၂၀၂၆ - ပထမအချိန်) တရားတော်မှ စာစီပူဇော်ပါသည်။ 

မမေသူကိတ်မှ စာစီပူဇော်ပါသည်။