logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ခန္ဓာငါးပါးကို အမှန်အတိုင်းရှုမြင်ပါက ကိလေသာ ၁၅၀၀ မလာ

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
6/30/2026
ခန္ဓာငါးပါးကို အမှန်အတိုင်းရှုမြင်ပါက ကိလေသာ ၁၅၀၀ မလာ

❖ ယုံကြည်မှ ကျင့်လို့ရမှာ။ မယုံရင်ကျင့်လို့ရပါ့မလား။ မရဘူးလေ။ လူတစ်ယောက်ဟာ ယုံမှလုပ်တာ၊ မယုံမလုပ်ဘူးလေ။ တချို့အပိုင်းက ဘုရားမြင်သလို မမြင်ရဘူးလေ။ 

❖ အဲဒီမှာ အချို့ မှားတာရှိတယ် သမာဓိထူထောင်တယ်တဲ့၊ အဘိညာဥ်တန်ခိုးတွေရတော့ ဘုရားမြင်သလို မြင်ရမယ်ထင်ပြီးတော့ ရုပ်နာမ်တွေကို ခွဲခြားမြင်နိုင်မယ်ဆိုပြီး ထိုင်ကြတာရှိတယ်။ မဖြစ်နိုင်ဘူးလေ။ ကမ္ဘာ ၈၀ မြင်တဲ့ ရသေ့နှစ်ပါး ခန္ဓာငါးပါးမှ သိမသွားတာ။ ဝဋ်သုံးလည်း သိမသွားရှာဘူး။ 

❖ အဲဒါတွေကို ကိုယ့်ဟာကိုယ် ဘုရားဟောတာကို လက်မခံဘဲနဲ့ ယုံကြည်မှုရှိအောင် နားမထောင်ဘဲနဲ့ နှလုံးမသွင်းဘဲနဲ့နော် သမထနဲ့ ထူထောင်ပြီးကျင့်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ မဖြစ်နိုင်ဘူးလေ။ အယူအဆမှားရင် ပြင်ကြနော်။ 

❖ တချို့ အယူအဆ တအားမှားတယ်။ စာဖတ်မှားတာ ခေါ်တာပေါ့။ ဆရာကနည်းခံတာ လိုလိုပေါ့နော်။ ကိုယ့်ဟာကိုယ် စာဖတ်ပြီး ကိုယ်လိုသလို ကောက်တာကိုး။ အမှန်က စာဖတ်လို့ရှိရင် ဆရာနဲ့ဖတ်ရတာ။ 

❖ ဆရာသမားညွှန်ကြားတဲ့အတိုင်း ဘုရားလက်ထက်က ဘုရားကိုယ်တိုင် ဟောတဲ့အတိုင်း ဆရာက လက်ခံလာတာ၊ နည်းရလာတာကို ထေရဝါဒ သာသနာခေါ်တာနော်။ အဲဒီအတိုင်း စာကို ဖတ်လို့ရှိရင် ရတယ်။ မမှားဘူးနော်။ ကိုယ့်ဟာကိုယ် ထင်သလိုကောက်လို့ရှိရင် မှားသွားနိုင်တယ်။ 

❖ ကိုယ့်ဟာကိုယ် တရားထိုင် သမာဓိကောင်းလို့ ကြည်လင်လို့ရှိရင် ရုပ်နာမ်ဖောက်မြင်လိမ့်မယ်။ မြင်ရင် ဝဋ်သုံးပါးလွတ်လိမ့်မယ် ထင်တယ်။ ဘယ်ရမလဲ။ ကမ္ဘာ ၈၀ မြင်တဲ့ ပုဂ္ဂိုလ်တောင် မမြင်နိုင်တာကြီးကို။ အာဠာယ၊ ဥဒက နှစ်ပါးလေ ကမ္ဘာ ၈၀ မြင်နိုင်တာလေ၊ ခန္ဓာငါးပါးလည်း သိမသွားဘူး၊ ဝဋ်သုံးပါးလည်း သိမသွားဘူးလေ။ အဲဒါကို အကဲခတ်ရမှာနော်။ ကျမ်းကိုညှိရတယ်။ 

❖ ပထမ ဘုရားဟောကို သဘောမပေါက်ပေါက်အောင် နားထောင်ရတယ်။ မပေါက်‌သေး ထပ်ကြိုးစားထပ်ကြိုးစား။ ပေါက်လာပြီဆိုမှ ကျင့်ပေတော့ ရပြီ။ ဘုရားကိုယ်တိုင်မြင်ခဲ့တာကို ဘုရားက စီပြီး ပြန်ဟောပစ်ခဲ့တာ။ ပါဠိတော်တွေမှာ အကုန်ရှိတာကိုး။ ဒါကြောင့်မို့လို့ စာတတ်စရာမလိုဘူးလို့ပြောရင် မှားသွားလိမ့်မယ်နော်။ အရေးကြီးတယ်နော်။ 

❖ တချို့ ကာလာမသုတ်မှာပါတဲ့အဟောကို ဆွဲယူပြီးတော့ အပြောမှားတာလေ။ ကျမ်းစာမှာပါတဲ့အတိုင်းလည်း မယုံနဲ့ ခန္ဓာပြောတာယုံဆိုပြီးတော့ ဒီလိုကြည့်ခိုင်းတာရှိတယ်။ အဲဒါက ကာလာမရွာသားတွေရဲ့ကျမ်းကို ပြောတာ။ ဘုရားဟောတဲ့ ပိဋကတ်ကို ပြောတာ မဟုတ်ဘူး။ 

❖ ငါ့ရဲ့ကိုယ်စား ပိဋကတ်တွေထားခဲ့တယ်လို့ ပြောပြီးသား။ ဘယ်ကပဲ နည်းတွေလာပေးပေး ချက်ချင်းလည်း လက်မခံနဲ့ ငြင်းလည်းမငြင်းပါနဲ့။ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာ ဘုရားဟောပါဠိတော်ထဲ ထည့်လိုက်ပါ၊ ကိုက်ညီတော့မှ လက်ခံကျင့်ပါ ဘုရားဟောပြီးသား။ အဲဒီတော့ စာ တတ်ကို တတ်ရမယ်။ မတတ်လို့မရဘူး။ သင်ကို သင်ရမယ်။ ကျမ်းနဲ့အညီ သွားရမယ်လေ။

❖ ထိုင်သာထိုင် စာဖတ်စရာမလိုဘူးဆိုရင် မှားသွားလိမ့်မယ်။ သတိထားရမယ်နော်။ ဒီနေရာမှာ ဘုန်းဘုန်းတို့ အာရုံသိတစ်ချက်မှာပဲ အားလုံးသိတဲ့အတိုင်း အာရုံ ဒွါရ သည် ရုပ်၊ ပြီးရင် ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်။ အဲဒါကို ကိလေသာ ဖြစ်ပုံ ပြောရအောင်နော်။ 

❖ ကိလေသာဖြစ်ပုံက ၁၅၀၀ ကိလေသာ ရေတွက်ထားတာကိုကြည့်၊ ဘုရားဟောမှာပါတာ၊ ဒါ နည်းနည်း ဉာဏ်ကစားရအောင်နော်။ ဗဟုသုတရအောင်ယူပါ။ ဒီ သိတစ်ချက်မှာ ဘုရားဉာဏ်နဲ့ခွဲတာ ဘုန်းဘုန်းတို့ ခွဲလို့မရဘူးနော်။ ဒီဘက်က အာရုံ ဒွါရတွေမှာ ပါတဲ့ရုပ်၊ မဖြစ်မနေပါတဲ့ရုပ်က နိပ္ဖန္နရုပ် ၁၈ ပါး၊ သင်္ဂြိုဟ်မှာ ပါတယ်နော်။ မဖြစ်မနေ သူက တတွဲတည်းပါတာ။ ၁၈ ပါး ပါရတယ်။ သိ ဆိုရင် ၁၈ ပါးပါရတယ်။ 

❖ ပြီးရင် နာမ်ဘက်က စိတ်ချက်၊ စေတသိက် ၅၂ ခု ဆိုတော့ ၅၃ ဖြစ်မသွားဘူးလား။ နိပ္ဖန္နရုပ်က ၁၈ပါးဆိုတော့ ပေါင်းလိုက်တော့ ၇၁ ပါး။ ပြီးရင် ခန္ဓာငါးပါးက သူက စဖြစ်ဖို့လို့ အားယူနေတဲ့အစ ဥပစယ၊ နောက်ဆက်လာတာ သန္တတိ၊ ရင့်သွားတာ ဇရတာ၊ ပျောက်သွားတာ အနိစ္စတာ တဲ့။ လက္ခဏာရုပ် ၄ ပါး ဘုရားကခွဲတယ်။ ဘုရားဉာဏ် ဘယ်လောက်ကြီးလဲ စဥ်းစား။ 

❖ ဥပမာ အသံတစ်သံကြားတယ်၊ ဆင် ဆိုရင် နားမှာ အသံကြားယုံတင်မကဘူး မနောပါ ရောက်နေပြီ။ အဲဒါကို ဆင် တစ်ချက်လေးမှာကို ဘုရားက လေးဆင့်ခွဲလိုက်သေးတယ်။ ဘုရားဉာဏ် ဘယ်လောက်ကြီးလဲ မှန်းကြည့်ပေါ့နော်။ အထဲမှာရှိတဲ့ ရုပ်နာမ်တွေ ဘုရားက အကုန်ရေပြလိုက်သေးတယ်။ 

❖ လက္ခဏာရုပ်ပါ ထည့်လိုက်တော့ကား ၇၅ ပါး ဖြစ်သွားပြီနော်။ အဲဒါ ခန္ဓာငါးပါးမှာ တကယ်ရှိတဲ့ ရုပ်နာမ် အရေအတွက် အကုန်ပဲတဲ့။ အဲဒီအပေါ်မှာမှ အမှောင်ဖုံးသဖြင့် အတွင်းအပြင်လို့ အမြင်မှားတာကို မြှောက်တယ်၊ ၂ နဲ့ မြှောက်ပြီ။ မြှောက်လိုက်တော့ ဘယ်လောက်ရလဲ၊ ၁၅၀ ဖြစ်သွားပြီ။

❖ ၁၅၀ ကို ထပ်ပြီးတော့ အမြင်မှား ၁၀ ပါးနဲ့ ထပ်မြှောက်၊ ဒိဋ္ဌိက အကုန်ပါတာ မြှောက်လိုက်တော့ ဘယ်လောက်ဖြစ်မလဲ။ ၁၅၀၀။ ဒါဖြင့်ရင် အမြင်မှန်လာလို့ရှိရင် ခန္ဓာငါးပါးသည် အကောင်အထည် မဟုတ်ပါဘူး၊ အတွင်းအပြင် မရှိဘူးဆိုရင် လက္ခဏာရုပ်နေရာက စပြတ်တာပေါ့။ 

❖ ဒါဖြင့်ရင် အမြင်မှန်က အမြင်မှားကို မဖယ်နိုင်ဘူးလား။ ဖယ်နိုင်တယ်၊ သတ်နိုင်တယ်။ အဲဒီတော့ ကိလေသာဆိုတဲ့ သ‌ဘောတရားသည် ဘုန်းဘုန်းတို့ အရပ်စကားနဲ့ နားလည်အောင်ပြောရင် စိတ်အမြင်မှားလို့ မှတ်ရမယ်။ 

❖ စိတ်က ရုပ်ကို မှီထားတယ်။ ဒီသွေးသား၌ အမှားတရားတွေပဲ နာခဲ့တာကိုး။ ကလေးတည်းက ဘုန်းဘုန်းတို့ မနေ့က ပြောသလိုပဲ၊ ကလေးတွေကို သားသား ဘယ်မှာလဲဆိုရင် ပုတ်ပြတယ်။ သမီးဘယ်မှာလဲဆို ရင်ဘတ်နေရာပုတ်ပြတယ်။ သမီးက သားက နားလည်နေပြီ။ 

❖ ဖေကြီးကို ဘယ်လောက်ချစ်လဲဆိုရင် အများကြီး။ ဘယ်ကချစ်လဲဆိုရင် ဗိုက်ဗိုက်ထဲဆိုရင် သဘောကျနေတာပဲ။ အဲဒီတည်းက စသင်တာလေ။ ဒါ ခေါင်း၊ ဒါ ဗိုက်နဲ့ အမှားတွေ သင်လာခဲ့တာမို့လား။ ငါ့ကိုယ်လုံး ဗိုက်ထဲက နာတယ်၊ ခေါင်းထဲဥ နာတယ် မပြောကြဘူးလား။ အဲဒါ အမှားတွေ သင်လာခဲ့တာလေ။ 

❖ အဲဒီအမြင်မှားနဲ့ ဘယ်မှာထိထိ၊ ကာလမခြား မနော်ပေါ်တာ မသိပါဘူး။ မသိတော့ကား ကိုယ်အမူအရာကို အကောင်ထင်ပြီးတော့ ငါ့ကိုယ်ထဲက ထင်လာခဲ့တာ ကြာပေါ့။ အမြင်မှားကြီးနော်။ အဲဒီတော့ အမြင်မှားဆိုတည်းက ၁၅၀၀ က ပွားပြီးသားဖြစ်နေပြီ။ ရှိနေတယ်။ 

❖ အခု ဘုရားဟောအတိုင်း ခန္ဓာငါးပါးကို သဘောလည်းပေါက်သွားရော သတ္တဝါအထည်ပါသေးလား။ လှုပ်ရှားဆဲ အမူအရာလည်း အကောင်အထည်ဟုတ်သလား။ (မဟုတ်ပါဘူး ဘုရား)။ အဲဒီလို သိတဲ့ဉာဏ်အလင်းလေး ဝင်သွားပြီလေ။ နားကကြားတာ၊ မျက်စိကမြင်တာ နှလုံးသွင်းတော့ ဝင်သွားပြီမို့လား။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။

တရားနာယူရန်

https://youtu.be/LJPoMvekXN4?si=DUtLaMt7-qskw8qO