logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရမယ်၊ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
9/1/2026
ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရမယ်၊ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်

“ဤလောကကြီး၌ မတရားတာမရှိ၊ မဖြစ်သင့်တာမရှိ၊ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။”

❖ မှတ်ထားနော်၊ မဖြစ်သင့်ဘူး ဖြစ်တယ်လို့ထင်ရင် မှားတာပေါ့။ ဖြစ်သင့်လို့ ဖြစ်တာချည်းပဲလေ။ မဖြစ်သင့်ဘဲ ဖြစ်တာ ဟုတ်ပါ့မလား။ (မဟုတ်ပါဘူး ဘုရား)။ ကိုယ့်ကို အဆဲခံရတယ်၊ အလိမ်ခံရတယ်၊ လာချင်တာလာ အပြစ်မတင်ရဘူး။ ကိုယ့်ဘက်ကို ပြန်ရှာရတယ်။ သြော် ဖြစ်သင့်လို့ ဖြစ်တာပဲ ငါ မှားခဲ့တာပဲ ဆိုပြီး ပြန်ရှာရတာပဲ။

❖ ဘုရားတောင်မှပဲ ဖြစ်သေးတာချည်းကို၊ ကိုယ်က ဘာဟုတ်လို့လဲနော်၊ ဘုရားတောင်မှ ဖြစ်သေးတာ။ ဘုရားလည်း အဆဲခံရတာရှိတယ်။ မာရ်နတ်ကြီးကနေ နှောင့်ယှက်လို့ ဆွမ်းမရတာရှိတယ် စသည်ဖြင့်ပေါ့။ ပြုတဲ့ကံ အကျိုးပေးရင် ရှောင်လို့ရပါ့မလား။ နားလည်ရမှာပေါ့။ အဲဒါ နားလည်လိုက်လို့ရှိရင် ပြုသူအသစ် ဖြစ်သူအဟောင်း ကြွေးဆပ်ပေးတာလို့ နားလည်ရတာ။ 

❖ ဒီကံက ခံရမယ်ဆိုတော့ ကိုယ့်ကိုအကြွေးဆပ်ပေးတော့ သည်းခံရင် အကြွေးကျေတာပေါ့။ ဒါကြောင့် ကျေအောင်ဆပ်လို့ ပြောတာပေါ့။ သည်းမခံရင်တော့ ထပ်ကြွေးတင်မှာပေါ့။ သည်းခံနိုင်ရင် ကြွေးက ကျေပြီ၊ သူကတော့ ရှေ့ဆက်ခံရမှာ ကိုယ်ကတော့ပြီးသွားပြီ။ 

❖ ဒါကို သိတဲ့သူတော်ကောင်းတွေက ကိုယ့်ကို တိုက်ခိုက်ပြောဆိုလာရင် ပရမ်းပတာပြောလာရင် အင်အားဖြစ်တော့တာပဲ။ ယောဆရာတော်ကြီပြောတယ်၊ အိုဗျာတဲ့ အကုသိုလ်တွေ အကြမ်းပတမ်းလာလည်းဗျ ဉာဏ်ဦးရင် ဖြတ်သန်းခ ရတယ်ဗျာ။

❖ နားကဖြတ်ရင် ဉာဏ်ဦးလိုက်ရင် ဖြတ်သန်းခ ရလိုက်သေးတယ်‌ဗျာ။ ပေါ်သမျှ ဉာဏ်ဦးရင် ဖြတ်သန်းခ ရလိုက်တယ်ဗျာ။ မရှုံးဘူးဗျာ။ ဆဲသံကြားလည်း ဖြတ်သန်းခရတယ်။ ဉာဏ်ဦးရင် အမြတ်ယူလို့ရတာလေ။ အင်အားဖြစ်တော့တာနော်။ ကြွေးဆပ်ပေးတာလို့ နားလည်းလိုက်၊ ခွင့်လွှတ်လိုက် ချစ်ပေးလိုက်ရင် မေတ္တာရမသွားဘူးလား။ (ရပါတယ် ဘုရား)။ ဟုတ်တယ်ဗျာ။

❖ ဒီအပြင် နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ။ ပြီးသွားပြီ ရှိမှမရှိတော့တာကိုး။ တကယ် သတ္တဝါဟုတ်သေးလား။ (မဟုတ်ပါဘူး ဘုရား)။ အဲဒီလိုဉာဏ်ဦးတဲ့ ပုဂ္ဂိုလ်ကတဲ့၊ နောက်ထပ်ပေါ်လည်း အသိအမှတ်မပြုတော့ဘူး။ ပြီးသွားပြီတဲ့။ နောက်ထပ် ငါ့ကို ပြောခဲ့တာ ပေါ်တော့ပေါ်မယ်၊ သူက ဉာဏ်ကဦးတော့ အသိအမှတ်မပြုတော့ဘူး။ ဟုတ်မှမဟုတ်တာ သိလိုက်တာနဲ့ မဆက်တော့ဘူးတဲ့။

❖ ပြီးပြီးသားက တကယ်ပြီးနိုင်ရမယ်။ ကံဘက်ကလည်း ခွင့်လွှတ်နိုင်ရမယ်။ ငါ ပြုတဲ့ကံရှိလို့ ကြွေးဆပ်ပေးတာပဲလို့ သူ့ခမြာရှေ့ဆက်ခံရမှာ သိလိုက်တာနဲ့ သနားရမယ်၊ ခွင့်လွှတ်ရမယ်။ ကိုယ်ကတော့ ပြီးသွာပြီပေါ့။ ဉာဏ်ဘက်က ကြည့်တော့ ပြီးသွားတာအမှန် ဆိုသောကြောင့် လွတ်မြောက်သွားပြီတဲ့။

❖ ဒါကြောင့် ဘုရားသားသမီးတွေက အပါယ်ကျစရာအကြောင်းကို မရှိတော့တာ။ ကြိုရာလာပြော၊ ပေါက်ကရ ကြိုက်တာပြော၊ အထင်မှား ပြောချင်ရာပြော အရေးမကြီးဘူး။ ကြားသမျှ မြင်သမျှက ကိုယ့်အတွက်က အင်အားချည်းပဲပေါ့။ မဟုတ်တာပြောလည်းပဲ ကံကို နားလည်တော့ ကြွေးဆပ်ပေးတာမို့လို့ သနားတယ်၊ ခွင့်လွှတ်တုန်းပဲ။ ဟုတ်တာပြောလည်း ဟုတ်တာမို့လို့ပေါ့။ 

❖ ပြီးပြီးသားဟာ ပြန်မှ မလာတော့တာ ပြီးသွားပြီဆိုတော့ကား ပူစရာရှိသေးလား။ (မရှိတော့ပါဘူး ဘုရား)။ ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရမယ်။ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်။ ဒါဆိုရင် အကုသိုလ် လာသေးလား။ (မလာတော့ပါဘူး ဘုရား)။ ဘယ် အပါယ်ကျတော့မလဲ။ အပါယ်ကျတယ်ဆိုတာ မပြီးနိုင်လို့ ကျတာလေ။ 

❖ ကံလည်း မေ့သွားတယ်၊ ငါ့ကျောင်းလုရကောင်းလားလို့ ဒေါသဖြစ် မုန်းလည်းမုန်း ဘဝပြောင်းသွားတာ မသိလိုက်ဘူးလေ။ အဲဒီမှာ ရှုံးတော့တာပဲ။ ဘေးကကြည့်တော့ ရဟန်း၊ ပြိတ္တာဘုံ ပြောင်းသွားတာ။ ဒါကို သတိထားကြ။ အချိန်တိုင်းပြောင်းတာနော်။ အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်။ 

❖ မတရားဘူး၊ မဖြစ်သင့်ဘူးလို့ ထင်လိုက်တာနဲ့ကိုပဲ ပြောင်းသွားပြီ။ မဖြစ်သင့်ဘဲ ဖြစ်ရကောင်းလားဆိုရင်ပဲ တင်းလာရင် ဘဝ ပုံပြောင်းသွားတာ။ နတ်သက်ကြွေပြီ။ ပြိတ္တာဓါတ် ဖြစ်သွားပြီ။ တခါတခါကျ ဘုန်းဘုန်းက ကြည့်ပြီး သံဝေဂရလို့ ပြောတာပါ။ ဒေါသတွေဖြစ်၊ ရာဂတွေဖြစ်တော့ သြော် ခေါင်းတွေက လူနဲ့မတူဘူး၊ တိရစ္ဆာန်ခေါင်းတွေဖြစ်၊ ပြိတ္တာခေါင်းတွေဖြစ် သွားနေတာပဲလို့။ 

❖ အရမ်းသံဝေဂ ယူဖို့ကောင်းတာ။ ကိုယ့်ကိုယ်ကိုယ်လည်း ပြင်ကြနော်။ ဘဝမပြောင်းစေနဲ့နော်။ အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်။ အေးချမ်းနေရင် မကောင်းဘူးလား။ နတ်လိုနေရင် နတ်လိုချမ်းသာတာပေါ့။ ဒါက ကံဘက်ကနော်။ သို့သော်တဲ့ နတ်လည်းပဲ တဖန်ဇာတိဖြစ်ခဲ့သော် အို နာ သေ မလွတ်သောကြောင့် ဇာတ်လမ်းအဟောင်းကြီး ပြန်သွားရမှာလေ။ ရိုးနေပြီနော်။ 

❖ အဲဒီတော့ ‌တော်လောက်ပြီတဲ့၊ အရှိကိုအရှိအတိုင်း နေတံမမ၊ နေသောဟမသ္မိ၊ နမေသောအတ္တာ။ မခက်ပါဘူး။ ရှူဆဲထုတ်ဆဲ ဒီအမူအရာလေးကိုပဲ ဉာဏ်နဲ့အဖြေထုတ်တာပဲ။ ကိုယ်မှာလောင်တဲ့ ဓါတ်သဘောတွေက စကားပြောလား။ (မပြောပါဘူး ဘုရား)။ အမူအရာပေါ်တဲ့ မျက်နှာအမူအရာအရိပ်ကလည်း သတ္တဝါဟုတ်လား။ (မဟုတ်ပါဘူး ဘုရား)။

❖ ခင်ဗျားမျက်နှာပါ၊ ငါ ပါ လို့ ပြောသေးလား။ (မပြောပါဘူး ဘုရား)။ သတ္တဝါ မဟုတ်သောကြောင့် ဖွဲ့ရင်းနဲ့ ပျောက်သွားသောကြောင့် တောင်းဆိုချက်ရှိလား။ (မရှိပါဘူး ဘုရား)။ ပြင်ပါအုန်း၊ ပြောင်းပါအုန်း၊ နာလှပါပြီ၊ ဘယ်သွားပါအုန်း စသည်ဖြင့် ခိုင်းတဲ့ သတ္တဝါပုဂ္ဂိုလ်ရှိလား။ (မရှိပါဘူး ဘုရား)။ ဒါဆိုလွတ်တာပေါ့။ အဲဒီရောက်အောင် ပြန်ပြန်သွားကြနော်။ 

❖ ဇာတ်လမ်းတစ်ခု ပြောပြအုန်းနော်။ ဒီဟာကို ဘဝထဲမှာ အသုံးချတာ အရေးကြီးပါတယ်။ နာပြီးသားတရားပဲ ထပ်ခါထပ်ခါနာပြီး သုံးသပ်ကြပါ။ တနေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတဲ့ တောကထဲ သစ်ပင်ရင်းတစ်ခုကို တန်ခိုးတော်နဲ့ ကြွပေးရတယ်။ အဲဒီနားမှာက သစ်ကိုင်းမှာ ကြိုးကွင်းလုပ်ပြီး ဆွဲကြိုးချကြံတဲ့ ကလေးမတစ်ယောက်ရှိတာကိုး။ 

❖ အဲဒါ ဘုရားကိုရိပ်ခနဲမြင်လိုက်တော့မှ ဘုရားမြင်လိုက်မှ လှည့်ကြည့်ပြီး ရင်ထဲအေးသွားတော့ ဘုရားထံလာကန်တော့တာ။ သေမယ့်ဆဲဆဲနော်။ အဲဒီမှာ ဒီတရားတွေ ဘုရားဟောလိုက်တော့ နားလည်သွားပြီ။ စိတ်အကြောင်းလည်း နားလည်သွားပြီ။ ရှူဆဲကာလပေါ်တဲ့စိတ်ဟာ ထုတ်ဆဲ လိုက်ပါ့မလား။ (မလိုက်ပါဘူး ဘုရား)။ 

❖ သိတဲ့ ခန္ဓာငါးပါးမီးကလည်း စိတ်နဲ့ယှဥ်သောကြောင့် အဟောင်းလား အသစ်အသစ်လား။ (အသစ်အသစ်ပါ ဘုရား)။ အဟောင်း ဘယ်တော့မှ ပြန်မလာဘူးလေ။ သတ္တဝါပါသေးလား။ (မပါပါဘူး ဘုရား)။ ကံလည်း နားလည်သွားပြီ။ ဒီတော့မှ ဘာလို့ အဲဒီလို့ သေကြောင်းကြံလဲ ဆိုတော့မှ သခင်မက အရမ်းကြမ်းလို့တဲ့။ 

❖ သူက ငွေဝယ်ကျွန်ဖြစ်နေရှာတာနော်။ ဟိုတုန်းက ငွေနဲ့အရောင်းခံရတဲ့ ကျွန်တွေက သတ်ပစ်လိုက်လို့ရတယ်။ ဘယ်သူမှ တရားမစွဲရဘူး။ သူ့ကံ ညံ့တော့ကား သူမြင်တိုင်း သခင်မက အကြောင်းမရှိဘဲ ဆံပင်ဆွဲပြီး ရိုက်တာကိုး။ ဆံပင်တွေ ကတုံးတုံးလိုက်တော့ ခွင့်မတောင်းဘဲ တုံးရမလားဆိုပြီး ကြိုးတွေနဲ့ချည်ပြီး ကြိုးစထုတ်ထားတော့ ကြိုးပန်းကုံးခေါ်ခံရတာ။ 

❖ ခဏခဏရိုက်တော့ သူက သေချင်တာပေါ့။ သေတာအေးတယ်ဆိုပြီးတော့ အဲဒီလို ကြံစည်ပြီး ထွက်လာတာ။ ရေအိုးထဲ ကြိုးစထည့်ပြီး ထွက်လာတာနော်။ ရေခပ်ချင်ယောင်ဆောင်ပြီးတော့ ကြိုးကွင်းလုပ်တုန်းမှာ ဘုရာက တွေ့တာကိုး။ အဲဒီတော့ အတိတ်ကအကြောင်း ဘုရားက ရှင်းပြတယ်။ 

❖ အတွေးအားလုံးဟာ ကိုယ့်ရဲ့အနာဂတ်မျိုးစေ့၊ သင်ကိုယ်တိုင်တဲ့ အရင်ဘဝက ကျွန်မကို နှိပ်စက်ခဲ့တာလေ။ တဖက်သားကို နှိမ့်ချကြည့်တယ်၊ နှိပ်စက်တော့ ကိုယ်ပဲမျိုးစေ့ရတော့ ကိုယ်ပဲ အကြွေးဆပ်ရတာပေါ့နော်။ စဥ်းစားကြပါ။ နှိမ့်ချမြင်တာက ကိုယ်ပဲ နှိမ့်ကျသွားမှာပေါ့။ နှိမ့်ချ မမြင်ရဘူး။ ဘယ်သူ့ဖြစ်ဖြစ် နှိမ့်ချမကြည့်ရဘူး။ ကြည့်လိုက်တာနဲ့ ကိုယ့်ဘဝ နိမ့်သွားလိမ့်မယ်။ ဒီသတ္တိက ကိုယ်ပဲ နိမ့်လိမ့်မယ်။ မှတ်ခဲ့ကြနော်။ 

❖ အပြစ်တွေမြင်လို့ မှန်းလိုက်ပြန်တယ်ဆိုရင် ကိုယ်ရှုံးပြန်တာပဲ။ နှိပ်စက်တယ်ဆိုရင် ပိုဆိုးတာပေ့ါ။ အဲဒီကံတွေက ဒီဘက်ကျတော့ ဘယ်လောက်နိမ့်လဲဆိုရင် ငွေဝယ်ကျွန်ဖြစ်သွားတာ။ ရှိတယ်နော်။ မြဝတီမှာ သမီးလေး တစ်ယောက်ပြောဖူးတယ်။ ဘုန်းဘုန်းရယ် အစက အရမ်းချမ်းသာတာ။ အခုတော့ တဖက်နိုင်ငံမှာ အဝတ်လျှော်နေရတယ်။ သူများအိမ်အဝတ်လျှော်နေရတယ်။ 

❖ အမေကို ချမ်းသာတုန်းက အော် ငေါက်၊ ထမိန်လျှော်ခိုင်းတာ၊ လုပ်ခဲ့တာ။ စီးပွားအကုန်ပျက်သွားပြီးတော့ တကယ်ကိုပဲ ခံစားရတာ၊ မသေခင်တောင် ခံစားရတာနော်။ မလုပ်ကောင်းဘူးနော်။ သတိထားကြနော်။ ဘယ်သူ့အပေါ်မှ မနှိပ်စက်ရဘူး။ စကားအရလည်း နှိမ်လည်းမပြောရဘူး။ နှလုံးပူအောင်လည်း မနှိပ်စက်ရဘူး။ အထင်သေးတဲ့စိတ်နဲ့ မပြောရဘူး။ နားလည်မလား။ 

❖ ပြောလိုက်တာနဲ့ သူက အဆများစွာ မြှောက်ရတာလေ။ မိဟောင်းဖဟောင်းတွေ ဒီဘဝမှာသာ အဝိဇ္ဇာတဏှာကြောင့် နိမ့်နေကြတာကိုး။ မေတ္တာထားရမှာကို မေ့ပြီးပြောလိုက်တော့ အဲဒီကံကြောင့် ဒီဘဝမှာ ငွေဝယ်ကျွန်လာဖြစ်တာ။ အဲဒီကံအကြောင့် သူ့မြင်ရင် ရိုက်ချင်နေတာပဲတဲ့။ လှိုင်းပါလာတာကိုးး။

❖ အဲဒီတော့ ဘုရားတရားနာပြီး သဘောပေါက်သွားပြီတဲ့။ ပါးရိုက်တဲ့ပုံ ပေါ်တဲ့အခါမှာ အဖြေရသွားပြီ။ ပါးရိုက်တဲ့ပုံလေးပေါ်ရင် ဟိုတုန်းကတော့ အဖြေမှားတယ်။ မတရားလုပ်ရကောင်းလား ကိုယ့်ကိုယ်ကိုယ် သက်သေတာ ကောင်းတယ်၊ အဲဒီလောက်ထိ ပြင်းထားခဲ့တာကိုး။ 

❖ အခုတော့ မဟုတ်ဘူး။ ဤလောကကြီး၌ မတရားတာမရှိ၊ မဖြစ်သင့်တာမရှိ၊ ပြုသူအသစ်၊ ဖြစ်သူအဟောင်း။ အဲဒီတော့ နားလည်သွားပြီ၊ အပြစ်မတင်တော့ဘူး၊ ခွင့်လွှတ်နိုင်သွားပြီတဲ့။ သူရှေ့ဆက်ခံရမှာလို့ မြင်ပြီး သနားတဲ့စိတ်ပေါ်လာတယ်နော်။ သခင်မရှေ့ဆက်ခံရတော့မှာပဲင ါကတော့ ပြီးပြီလို့ သနားပြီး ခွင့်လွှတ်နိုင်တယ်။ ဉာဏ်နဲ့ကြည့်တော့လည်း ရှူဆဲမှာပေါ်တဲ့ရုပ်နာမ်က ထုတ်ဆဲလိုက်သေးလား။ မလိုက်တော့ဘူးလေ၊ ပြီးသွားပြီ။ 

❖ ပြန်တွေးလို့ကို မရကောင်းဘူးဆိုတာ အဓိကအချက်။ အဟောင်းလား အသစ်ဖွဲ့တာလား။ (အသစ်ဖွဲ့တာပါ ဘုရား)။ သတ္တဝါ ဟုတ်သေးလား။ (မဟုတ်ပါဘူး ဘုရား)။ အဝိဇ္ဇာနောက်က ခံလည်းခံမှ သတ္တဝါထင်ပြီးတော့ အဟောင်းထင်တော့မှ ဒုက္ခရောက်တာလေ။ မပြီးနိုင်တာဖြစ်တာ။ သတ္တဝါလည်းထင် မပြီးနိုင်ကြတော့မှ လောင်တော့တာပဲ။ 

❖ အမြင်မှန်သိလိုက်တော့ အခုပဲဖွဲ့ရင်းပျောက်တာဖြစ်တယ်၊ အဟောင်းပေါ်တာမှ မဟုတ်တာ။ ပေါ်ရိုးထုံးစံလည်း မရှိဘူး။ ပြီးပြီးသားဟာ ပြန်မပေါ်ကောင်းဘူး သေချာတယ်။ အဲဒါပိုင်သွားတာ၊ အဲဒါ သောတာပန်ခေါ်တယ်ဗျာ။ 

❖ ယံ ကိဉ္စိ သမုဒယ ဓမ္မံ သဗ္ဗံတံ နိရောဓ ဓမ္မန္တိ။ အဆုံးသတ်သွားတာ ပြန်ကို မလာတော့ဘူး၊ ပြီးဆုံးသွားပြီလို့ မြင်သောကြောင့် ပြီးပြီးသား တကယ်ပြီးသွားတာ၊ မအေးချမ်းဘူးလား။ နားလည်ကြလား။ အဲဒီတော့ ကံအားဖြင့်လည်း ခွင့်လွှတ်နိုင်ရမယ်။ ဉာဏ်အားဖြင့်လည်း ပြီးပြီးသား ပြီးနိုင်ရမယ်။ 

ဆက်လက်ဖော်ပြပါမယ်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

GIC မိသားစု (၂)ရက်တရားသင်တန်း (၅.၇.၂၀၂၆ - ဒုတိယအချိန်) #သစ္စာလေးပါးတရားတော်မှ စာစီပူဇော်ပါသည်။