logo

သစ္စာပါရမီ

ဓမ္မရိပ်သာ

ကိုယ့်အတွက်ကြောင့် သူများစိတ်မဆင်းရဲပါစေနဲ့

ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ
7/6/2026
ကိုယ့်အတွက်ကြောင့် သူများစိတ်မဆင်းရဲပါစေနဲ့

❖ တရားကျင့်ရင် အကင်းပါးပါးကျင့်နော်။ အေးအေးချမ်းချမ်းနေရတယ်။ ခန္ဓာကိုယ်သက်သာအောင် ထားရတယ်။ အစားနင်းကန်စားလို့ ဗိုက်ကြီးအင့်ပြီး ငိုက်နေလည်းမရဘူး။ အစပ်တွေလည်း တအားမစားနဲ့။ ကိုယ့်ကိုယ်ကိုယ် သက်သာအောင်နေသွားနော်။ အေးချမ်းအောင်နေမှ ရမှာနော်။

❖ ဘုရားရှင် အမိန့်ရှိတဲ့ တရားတော်က အင်မတန်နက်နဲတာကိုတဲ့ ထဲထဲဝင်ဝင် စဥ်းစားပြီးတော့ လက်ခံတဲ့အဆင့် ဒီထဲဝင်အောင်တဲ့ ပညာအား အခံကောင်းမှရမှာ။ သေချာပြီလား။ အဲဒါကိုပင်လျှင် ဘုရားက ပါရမီလို့ပြောသေးတယ်။ 

❖ ဘဝများစွာထဲက ဒီအရည်အသွေးကောင်းအောင်၊ မျက်လုံးလေးတွေ လှတာတွေ၊ လက်တွေခြေတွေ အချိုးပြေလာတယ်၊ အသားလည်းလင်းတယ်၊ ဒီလိုလက္ခဏာတွေ ဦးနှောက်အာရုံကြောတွေ အရည်သွေးမြင့်လာတာ ပြောတာနော်။ ဘဝအဆက်ဆက်မှာ ကုသိုလ်ခေါ်တယ်၊ တဖက်သားကို စိတ်ချမ်းသာအောင် ထားတယ်၊ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ချမ်းသာအောင် ထားတယ်။

❖ မေတ္တာကို သတိထားကြည့်လေ၊ မေတ္တာပို့တဲ့အခါ ဘယ်က စပို့လဲ။ အဟံ အဝေရော ဟောမိ။ ဒီကိုယ်ကိုပဲ မေတ္တာပြန်ထားရတာ။ မေတ္တာပို့စကားကို ဦးသုခကြီးတို့ရေးထားတာ တကယ်ရှင်းတယ်။ သူများဆီ ပိုက်ဆံပို့ချင်တယ်ဆိုရင် ကိုယ့်မှာ ပိုက်ဆံရှိမှ ပို့လို့ရတာတဲ့။ မရှိ ပို့လို့ရပါ့မလား။ (မရပါဘူး ဘုရား)။ 

❖ မေတ္တာက အအေးဓါတ်လေ။ ကိုယ့်ကိုယ်ကိုယ် အေးချမ်းအောင် နေရသေးတာကိုး။ နှလုံးအေးပြီး ကြည်ပြီး ကိုယ့်ကိုယ်ကိုယ် ချမ်းသာအောင် နေရသေးတာ။ ချမ်းသာတဲ့ နှလုံးအေးတဲ့အတိုင်း သူများချမ်းသာပါစေလို့ စိတ်ကညွှတ်ရတာတဲ့။ အအေးဓါတ်ကို ဒီမှာ ပျံ့တော့မှ တဖက်သားကို ထပ်တူအေးပါစေ ညွှတ်တော့မှ အအေးလှိုင်းကူးတာ။ 

❖ တကယ်ပျံ့တာနော်၊ စိတ်ကညွှတ်ရင် ပတ်ဝန်းကျင် အအေးလှိုင်းကူးတယ်ဆိုတာ အမှန်။ ဘုန်းဘုန်းတို့ အစက မယုံဘူးနော်။ မေတ္တာစွမ်းအားသည် အအေးလှိုင်းကူးလို့ရှိရင် တဖက်သားကို ချစ်တဲ့ဓါတ်တွေ သူ့ကိုအေးရင် အနားမှာရှိတဲ့ အဆိပ်ရှိတဲ့သတ္တဝါတောင်မှ ပါးစပ်ဟပြီး မကိုက်နိုင်ဘူးတဲ့။ အဆိပ်ပြီးတယ်ပေါ့နော်။ အဆိပ်သင့်ရင်တောင် ပြန်ထွက်တယ်။

❖ အဲဒီစကားကို အစက မယုံဘူး။ နောက်ပိုင်းကျတော့ တကယ်ဟုတ်တယ်။ ဘုန်းဘုန်းတို့ ကျင့်ပါများတော့ အအေးဓါတ်များလာတာပေ့ါ။ တောမှာနေတဲ့အခါ အေးတာကိုး။ တခါဆိုရင် မြွေကို၊ ဘယ်မြွေဖြစ်ဖြစ် သူ့ကိုနင်းရင် ကိုက်မှာပေါ့နော်။ အဲဒီ အမြီးနင်းထားပြီးတော့ ခါးကိုတိုက်တာ အဲဒါ ရုန်းပြီးပြေးတယ်၊ ပြန်မကိုက်ဘူး။ ကြည့်လိုက်တော့ မည်းမည်းကြီး တခါကြုံဖူးတယ်နော်။

❖ နောက် ခွေးရူးတခါ၊ တောမှာ ခွေးလေးရူးတာ မသိလိုက်ဘူး။ အဲဒါ ဘုန်းဘုန်းကို ခြေသလုံးကို လာထိုးတာ၊ နှုတ်သီးနဲ့လာထိုးတာ။ ဘုန်းဘုန်းက အဲဒီခွေးလေးကို သမီးပဲခေါ်တာ။ သမီးရေ နင်ကလဲဆိုပြီး အေးအေးဆေးဆေးပဲ ဆက်သွားတာ။ နောက်တော့ ဘယ်ဟုတ်မလဲ သူက ရူးနေတာ။ ကိုက်တာ ဟ မရတာ။ အဲဒီတော့မှ ဘုန်းဘုန်းလည်း ယုံတော့တာ။ 

❖ ဒီက အရှိန်အဝါလှိုင်းထဲမှာ မကောင်းတဲ့ဓါတ်က ဟ လို့မရဘူး။ တိုးလို့မရဘူး။ မေတ္တာလှိုင်းက အင်မတန်ကျယ်တာနော်။ သဗ္ဗုဒ္ဓေမိုးညှင်းဆရာတော်ဘုရားဆို အဲဒါကိုယ်တွေ့။ ဆရာတော်ကြီးက မေတ္တာအား တကယ်ကောင်းတာ။ ဂျပန်ခေတ် စခါစ မသိဘူး၊ ဗုံးကကြဲလိုက်တော့ ဆရာတော်ကြီးစင်္ကြန်သွားတဲ့လမ်းပေါ် တည့်တည့်ကျတာ။ 

❖ ဝုန်းဆို ဆရာတော်ဘုရားကြီးတော့ သေပြီပေါ့။ ဘေးကပြေးလာတာ။ ဆရာတော်ကြီးက ဖုန်တွေခါ ထလာတယ်နော်။ ပြီးတော့မှ မလွယ်ပါ့လားဟ ဆိုတယ်တဲ့။ မေတ္တာတိုးပို့မှပဲဆိုပြီး မေတ္တာဓါတ်ကို ပိုလွတ်တာ။ ကျွမ်းကျင်တာကိုး ရဟန္တာကြီးဆိုတော့။ လွတ်တော့ ဗုံးတွေက ကျတာ မပေါက်ဘူး။ ကျတာပဲ၊ အဆောက်ဦးကြီးကြီးဆို ကြဲတာပဲ။ မပေါက်ဘူး။ နောက်တော့ ဗုံး ကျကို မကျတော့တာ။ မေတ္တာတိုးပို့တာ ဗုံးက ကျကို မကျတော့တာ။ 

❖ မေတ္တာအား များလွန်းအားကြီးတော့ သူ့ကျောင်းထဲမှာ ဇီးကွက်နဲ့ ကျီးကန် အတူတူအိပ်တယ်။ မတည့်တဲ့ငှက်တွေ အတူတူအိပ်ကြတာ။ အကုန်တည့်ကုန်တာ၊ ဆရာတော်ဘုရားကြီး အဲဒီလောက်ထိ မေတ္တာအားကောင်းတာ။ မေတ္တာကြီးတာ တောက်လျှောက်ပို့တော့တာ။ အဲဒါအမှန်ဖြစ်တယ်။

❖ န ပရောပရံ ဆိုတဲ့ အပိုဒ်လေးရှိတယ်‌လေ၊ သတ္တဝါ တဦးနှင့်တဦးဟာ အချင်းချင်း၊ ဘယ်လို အကြောင်းနဲ့မှ မမုန်းကြပါစေနဲ့၊ မထေမဲ့မြင်မလုပ်ကြပါစေနဲ့။ ဒုက္ခမပေးကြပါစေနဲ့ပေါ့။ အဲဒီမေတ္တာလွတ်တာ။ လွတ်လွန်းအားကြီးတော့ ကျီးကန်းနဲ့ဇီးကွက်တောင် တူတူအိပ်တာ။ အဲဒီလောက်ထိ အေးချမ်းတာ။ တကယ်ဖြစ်စဥ်နော်၊ ရင်ထဲကနေ အအေးလှိုင်းလွတ်တာ တကယ်ပျံ့တယ်။ အဲဒါ မယုံမရှိစေနဲ့နော်။ ကြိုးစားလုပ်ရတယ်။ 

❖ တဖက်သားက ပြုံးပြုံးရွှင်ရွှင်မြင်ရင် ကိုယ်ပါ ရင်ထဲ မအေးဘူးလား။ အဲဒီတည်းက ကူးနေပြီလေ။ ကိုယ်က နည်းနည်းအေးပြီးကြည်နေတဲ့ လှိုင်းကို လွတ်ပေးရတယ်။ တကယ် နီးမှန်ပဲနော်။ ကြိုးစားရတယ်နော်။ အအေးဓါတ်ခံထားမှ၊ အဲဒီအရှိန်အဟုန်များတဲ့ပုဂ္ဂိုလ်သည် ဘဝအဆက်ဆက်မှာ ဒီသတ္တိတွေက ပါသွားတာလေ။ တဖက်သားကို နှလုံးပူအောင် မလုပ်တော့ဘူးလေ။ ဒုက္ခမပေးတော့ဘူး။ 

❖ အချင်းချင်းတောင် မဖြစ်ပါစေနဲ့ဆိုရင် ကိုယ်က ဘယ်နှိပ်စက်တော့မလဲ။ ကိုယ့်ကြောင့် စကားနဲ့လဲ မပူစေရဘူး။ ဒါကြောင့် ကိုယ့်အတွက်ကြောင့် သူများစိတ်မဆင်းရဲပါစေနဲ့။ နောက်ဆရာသမားများ ဆုံးမတာ ကိုယ့်အတွက်ကြောင့် သူများ တာဝန်မကြီးစေနဲ့။ နှစ်ခုပေါ့နော်။ 

❖ ကိုယ့်အတွက်ကြောင့် သူတပါး စိတ်မဆင်းရဲစေနဲ့။ ကိုယ့်အတွက်ကြောင့် သူတပါး တာဝန်မကြီးစေနဲ့။ သတိထားနော်၊ အဲဒါကျင့်ရမယ့်ဟာ။ ဘယ်နေရာနေနေ ကြာလိုကျင့်ရမယ်တဲ့။ ကြာဆိုတာက ရေကန်ထဲမှာ နွံကနေ စပေါက်တဲ့ကြာမို့လား။ ရေကိုမှီရတာနော်။ ရေကိုမှီပြီးမှ ကြာလေးပွင့်တာမို့လား။ ပွင့်တော့ ရေကန်ကို ဒုက္ခမပေးဘူး။ ရေကန်ကိုပြန်အကျိုးပြုတယ်၊ လှအောင်လုပ်ပေးတယ်။ ရေကိုမှီပြီးတော့ ရေကို ပြန်အကျိုးပြုတာလေ။ 

❖ အရိပ်ကလေးပေးတော့ ရေကအေးတယ်၊ ရေမခမ်းအောင် စောင့်ရှောက်တယ်၊ လှအောင် စောင့်ရှောက်တယ်လေ။ အဲဒီလိုပဲ ဘယ်နေရာနေနေ ကိုယ်နေတဲ့နေရာမှာ ပတ်ဝန်ကျင်းအကုန်လုံး စိတ်ချမ်းသာရမယ်၊ အကျိုးရှိရမယ်။ အဲဒီလို နေရမှာတဲ့။ ဘုရားဆုံးမတာ အင်မတန်တန်ဖိုးရှိတာနော်။ အအေးဓါတ်မှ ရမှာနော်။ 

❖ အဲဒီလိုနေခဲ့တဲ့ သတ္တိတွေပါသောကြောင့် ဘဝအဆက်ဆက် မြင့်လာတာ။ အဲဒါ ပါရမီခေါ်တာနော်။ အဲဒီတော့ အအေးဓါတ်များလာရင် ပညာအလင်းတိုးမလာဘူးလား။ တိုးလာတာ။ အဲဒီတော့ တဖက်က အို နာ သေ ဘက်ကမ်းဆိုတာ အမှောင်များရင် အို နာ သေ မလွတ်ဘူးလေ။ ကိလေသဝဋ် မမေ့နဲ့နော်။ 

❖ အလင်းအားများလာလို့ရှိရင် နောက်ဆုံးပိတ် အမှောင်ကုန်လို့ရှိရင် အဝိဇ္ဇာဓါတ် မရှိတော့ဘူးလေ။ မရှိတော့ တဏှာအစပ်ပြတ်မသွားဘူးလား။ ဟုတ်တယ်။ အို နာ သေ ဘက်ကမ်းကနေ အို နာ သေ လွတ်ရာ ဘက်ကမ်းရောက်စေတဲ့အလုပ်တဲ့။ အဲဒါ ပါရမီခေါ်တာ။ 

ဆက်လက်ဖော်ပြပါမည်။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး

🙏🙏🙏

ဆစ်ဒနီနိုင်ငံတွင် ဟောကြားတော်မူခဲ့သော ဝဋ်သုံးပါးနှင့် အဆုံးသတ် တရားတော် မှ စာစီပူဇော်ပါသည်။

တရားနာယူရန်

https://youtu.be/LJPoMvekXN4?si=DUtLaMt7-qskw8qO